myaelatt athan

Sharing Information to the Local

မိုးခေါင်လို့ စလင်းမှာ လွန်ဆွဲပွဲပြုလုပ်

0 22
0 22

စလင်း၊ သြဂုတ် ၁၈၊ ၂၀၂၅။

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကျေးရွာတရွာမှာ မိုးခေါ်လွန်ဆွဲပွဲကို သြဂုတ် ၁၆ ရက်နဲ့ ၁၇ ရက်မှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတာဝန်ခံဆီက သိရပါတယ်။

စလင်းမြို့နယ်အတွင်းက ကျေးရွာတွေမှာမိုးခေါင်တဲ့အတွက် မြန်မာ့ရိုးရာဓလေ့တခုဖြစ်တဲ့ မိုးခေါ် လွန်ဆွဲပွဲကို ဒေသခံတွေကပြုလုပ်ခဲ့ကြတာဖြစ်ပြီး ပိုက်ဆံကြဲတာ၊ အအေးနဲ့မုန့်တွေလည်း ကျွေးမွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

“ပကဖနဲ့ ပကဖဆေးဘက်ဆိုင်ရာ ရဲဘော်လေးတွေရှိမယ်၊ ရုံးပိုင်းဆိုင်ရာကလေးတွေ၊ ရပ်ကျေး ပကဖတွေပါမယ်။ နောက်ဆုံးနေ့မှာ ရွှေမိုးငွေမိုး ရွာတယ်ပြောရမှာပေါ့၊ ပိုက်ဆံကြဲတာတွေ လုပ်ခဲ့တယ်။ လာအားပေးကြတဲ့ပြည်သူတွေကိုရော အအေးတိုက်တာမျိုးတွေ မုန့်တွေလုပ်ပြီး ဧည့်ခံတာတွေရှိတယ်” လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတာဝန်ခံက ပြောပါတယ်။

စလင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာခန့်က ပြည်သူတွေနဲ့ပြုလုပ်ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်ဟာ မိုးခေါင်လွန်းတဲ့အခြေအနေဖြစ်တာကြောင့် စလင်းပကဖ ကဦးဆောင်ကာ ဒေသခံပြည်သူတွေလည်း စိတ်ပင်ပန်းမှု ခဏတာပြေပျောက်အောင် ဒီပွဲကိုပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

လွန်ဆွဲပွဲစခဲ့တဲ့ သြဂုတ် ၁၆ ရက်စပြီးမိုးရွာခဲ့တယ်လို့သိရပြီး ၄ လနီးပါးကြာမှ ရွာတဲ့ မိုးဖြစ်တဲ့အတွက် ဒေသခံတွေလည်း ဝမ်းသာနေကြတယ်လို့ သူကဆက်ပြောပါတယ်။

“(မိုးရွာတော့) သူတို့ကတော့ဝမ်းသာတာပေါ့၊ သူတို့ဝမ်းသာတာမြင်တော့ ကျနော်တို့ ပိုဝမ်းသာတာပေါ့၊ ပွဲနေ့က ဒီလိုပွဲလေးလုပ်ပေးတဲ့အတွက် သူတို့အနေနဲ့ ခဏတာ ပျော်ကြရွှင်ကြတယ်။ စိတ်ထွက်ပေါက်လေးတခု ရသွားတဲ့အတွက် သူတို့ပျော်တာမြင်ရတော့ ကျနော်တို့ ပိုပြီးပျော်ရပါတယ်၊” လို့ ဆိုပါတယ်။

ဒေသခံတွေအနေနဲ့ တော်လှန်ရေးကာလအတွင်း စိတ်ပင်ပန်းမှုတွေရှိနေကြတဲ့အပြင် စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုးတာတွေကိုလည်း ရင်ဆိုင်နေကြရတာကြောင့် နောက်ပိုင်းတွေမှာလည်း ပျော်ပွဲရွှင်ပွဲလေးတွေ ပြုလုပ်ပေးဖို့ရှိတယ်လို့ သူကဆက်ပြောပါတယ်။

စလင်းမြို့နယ်ထဲက ကျေးရွာတွေမှာ စိုက်ပျိုးရေးအဓိကလုပ်ဆောင်ကြတာဖြစ်ပြီး မိုးမရွာရင် အဝီစီတွင်းတွေက ရေတင်စိုက်ပျိုးကြရတာဖြစ်လို့ မိုးရွာရင်တော့ ရေတင်ရတဲ့စရိတ် သက်သာကြတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။