myaelatt athan

Sharing Information to the Local

ခင်ဦးက PDF ရဲဘော် ၂ ဦး ရက်ရက်စက်စက် အသတ်ခံရ

ခင်ဦး၊ မတ် ၁၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (LDF) ရဲဘော် ၂ ဦး မတ်လ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးသတ်ဖြတ်တာကို ခံလိုက်ရပြီး လက်နက်တွေပါ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အသတ်ခံရသူမှာ အသက် ၃၀ ကျော်အရွယ်ရှိ ရဲဘော်ကျော်ရဲ နဲ့ သက်နိုင်ဖြိုးတို့ဖြစ်ပြီး၊ သူတို့က ခင်ဦးမြို့ပေါ်ကနေတဆင့် မကျီးတုံ (ပျူ) ရွာ၊ ချောင်းဆုံရွာ၊ သံဘိုရွာအနီးက တောတန်းအတိုင်း အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းကို ကင်းထောက်နေချိန် ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ခင်ဦးမြို့ နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ခံက ပြောပါတယ်။

“ရဲဘော်တွေက စကစရဲ့ရှေ့ပြေးကင်းပုန်းနဲ့ မိသွားတာ။ တယောက်ကို ဦးခေါင်းဖြတ်ပြီးတော့ နွယ်ကြိုးနဲ့သစ်ပင်ပေါ်မှာချိတ်ဆွဲထားခဲ့တယ်။ နောက်တယောက်ကိုတော့ နဖူးတည့်တည့်ပစ်ပြီးတော့ မျက်နှာတွေကိုရိုက်ချိုးသွားတယ်” လို့ ဆိုပါတယ်။

အသတ်ခံလိုက်ရတဲ့ ရဲဘော်၂ ဦးရဲ့ ရုပ်အလောင်းကို စစ်ကောင်စီတပ်သားတွေ ထွက်ခွာသွားပြီးနောက် ပြည်သူ့ကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်ယူဆောင်ပြီး ချက်ချင်းပဲ မီးသင်္ဂြိုလ်ပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

“အသတ်ခံလိုက်ရတဲ့ ရဲဘော်တွေရဲ့သေနတ် ၂ လက်၊ ဆိုင်ကယ် ၁ စီး၊ ရီမုမိုင်း ၂ လုံး၊ ကျည်ဆံ ၁၀၀ အဲတာတွေအကုန်လုံးကို စကစတွေက ယူသွားကြတယ်။ ဒီရဲဘော်တွေက ကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်လို့ အဖွဲ့နာမည်မရှိပါ” လို့ ဆိုပါတယ်။

ဒါ့အပြင် ရဲဘော် ၂ ဦးကို သတ်သွားခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ခင်ဦးမြို့နယ်မှာ ကျေးရွာတွေကို မီးရှို့ဖျက်နေတဲ့ ခလရ ၇၀၁ နဲ့ ခမရ ၃၆၄ တပ်ရင်းက ဖြစ်ပြီး၊ လက်ရှိမှာ အဲဒီစစ်ကြောင်းဟာ ရွှေဘိုလေ့ကျင့်ရေး-၈တပ်ကို ရောက်ရှိနေတယ်လို့သိရပါတယ်။

ခင်ဦးမြို့နယ်မှာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်တာကိုခံခဲ့ရတဲ့ ရဲဘော်ပြည်သူပေါင်း ၂၇၅ ဦး ရှိခဲ့ပြီဖြစ်တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ စာရင်းများအရ သိရပါတယ်။

စာတည်း-007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။