ပဲခူး၊ ဩဂုတ် ၁၇၊ ၂၀၂၅ ။
ပဲခူးမြို့နယ်အပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၄၀/၀) နဲ့ (၄၀/၁) အကြားမှာ ကုန်တင်ယာဥ် ၂ စီးဆင့်တိုက်လို့ အမျိုးသား ၂ ဦးသေဆုံးခဲ့တယ်လို့ ကူညီမှုလုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။
ဩဂုတ် ၁၇ ရက် ဒီကနေ့မနက် ၂ နာရီခန့်မှာ ရန်ကုန်ဘက်ကနေ မန္တလေးဘက်ကို ကုန်ခြောက်တွေတင်ဆောင်မောင်းနှင်လာတဲ့ ၁၂ ဘီး ကုန်တင်ယာဥ်ဟာ အခင်းဖြစ်နေရာမှာ လားရာတူရှေ့မှ ကုန်တင်ယာဥ်ကို ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။
” လူတယောက်က ကားတားလို့ ရှေ့ကုန်ကားကနှေးလိုက်တာကို နောက်ကားက ဝင်တိုက်မိတာ။ သေတာက ကားကို တားတဲ့သူသေတယ်။ နောက်ကုန်ကားက ယာဥ်မောင်းသေတယ်” လို့ ဖြစ်စဥ်ကိုကူညီဆောင်ရွက်ပေးခဲ့သူတဦးက မြေလတ်အသံကို ပြောပါတယ်။


ယာဥ်တိုက်မှုကြောင့် ၁၂ ဘီးကုန်တင်ယာဥ်မောင်းနှင်သူအပါ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၂ ဦးနေရာမှာပဲ သေဆုံးသွားပြီး ရုပ်အလောင်းတွေကို ပဲခူးဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးဟာ မူလက ကုန်တင်ယာဥ်တွေ တက်ရောက်မောင်းနှင်ခွင့်မပြုထားပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမြန်လမ်းမပေါ်မှာလည်း ကုန်တင်ယာဥ်တွေ တက်ရောက်မောင်းနှင်လာကြတာပါ။
မေ ၉ ရက်ကလည်း ရေတာရှည်မြို့နဲ့ ကေတုမတီမြို့သစ်ကြား မြောက်နမ်ချွန်ကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆီဘောက်ဆာ ၂ စီးတိုက်မိပြီး ၃ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။