myaelatt athan

Sharing Information to the Local

ပေါ်တာဆွဲခံရတဲ့ ဗိုလ်ချုပ် (သရော်စာ)

1 264
1 264

မြေလတ်အသံ၊ ဩဂုတ် ၁၄၊ ၂၀၂၅။

“ ဒုံး “နေပြည်တော်၊ စစ်ရုံးရှိ စစ်ဆင်ရေးအစည်းအဝေးခန်းမဆောင်ကြီးအတွင်း ဒေါပွနေသော ခေါင်းဆောင်ကြီးတယောက် စားပွဲခုံကို လက်သီးနဲ့ ခပ်ပြင်းပြင်းတချက် ထုချလိုက်သည်။

“ ပြော၊ မင်းတို့ ပြောကြစမ်း ။ ဒီလောက် စစ်ကြောင်းလိုက်၊ တပ်ရင်းလိုက် ပြုတ်လိုက်၊ သေလိုက်။ ၁ ခါလည်း မဟုတ်၊ ၂ ခါလည်း မဟုတ် ။ ကုန်းလမ်းလည်း ကုန်းလမ်း မလို့၊ ရေလမ်းလည်း ရေလမ်းမလို့ သင်္ဘောတွေလည်း မြုပ်။ မင်းတို့ စစ်ကို ဘယ်လို တိုက်နေကြသလဲ “ ဟု ဆူပူကြိမ်းမောင်းသံနှင့်အတူ လက်ထဲရှိ စစ်ဆင်ရေးအစီရင်ခံစာဖိုင်ကို ခေါင်းဆောင်ကြီး လွှင့်ပစ်လိုက်သည်။

အကြီးအကျယ်ပေါက်ကွဲနေသည့် ခေါင်းဆောင်ကြီး၏ ဆူပူကြိမ်းမောင်းသံကြီးက ၎င်း၏ အရပ်အမောင်းနှင့်ပင် မလိုက်။

အကြောင်းမှာ အစည်းအဝေးစစ်ဆင်ရေးတင်ပြချက်များတွင် တိုင်းရင်းသားတပ်ဖွဲ့များ၊ PDF တပ်ဖွဲ့များကို ခေါင်းဆောင်ကြီးများ၏တပ်များ နေရာအနှံ့ထပ်မံရှုံးနိမ့်နေပြီး အကျအဆုံးများနေခြင်းကြောင့်။ ခေါင်းဆောင်ကြီးများမှာ အရှုံးနှင့်အသားကျနေပြီးဖြစ်သော်လည်း ယခုတကြိမ်တွင် လုံးဝဖြေမဆည်နိုင်။

စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်အတွင်း နိုင်ငံအနှံ့စစ်ဆင်ရေးများတွင် တိုက်တိုင်းရှုံး၊ တိုင်းစစ်ဌာနချုပ်များအထိ ကျဆုံး၊ လက်အောက်တိုင်းမှူးနဲ့ စစ်ဗိုလ်ချုပ်တွေအပါအဝင် တပ်သားအများအပြား သေသူကသေ၊ အဖမ်းခံရသူကခံရ တပ်ပျက်လုနီးပါးဖြစ်နေ၍ မူလကပင် ခေါင်းဆောင်ကြီးတွင် စိတ်ဒဏ်ရာအခံ အများအပြားနှင့်။

သို့သော် ခေါင်းဆောင်ကြီးပီပီ ဒေါသထွက်နေ၍အလုပ်မဖြစ်ဆိုကာ စိတ်ကိုလျှော့ချလိုက်ပြီး

“ ခု ငါတို့ ရွေးကောက်ပွဲနီးနေပြီ။ ငါတို့ကို ဆန့်ကျင်တဲ့မြို့တွေကိုလည်း စစ်အုပ်ချုပ်ရေးကြေညာထားပြီ။ ရန်သူတွေကို ပြန်တိုက်မှရမယ်။ စစ်အောင်နိုင်ရေးဗျူဟာတွေ တင်ပြကြ” ဟု ခပ်ပြတ်ပြတ် ပြောလိုက်သည်။

အစည်းအဝေးခန်းမတွင်းရှိနေသည့် စစ်ဗိုလ်ချုပ်များ ခေါင်းကလေးများကျုံ့ဝင်သွားပြီး အားလုံးငြိမ်သက်နေကြသည်။

ထိုအချိန်တွင် ကလိမ်ကကျစ်အရာ၌ ဧတဒဂ်ဘွဲ့ရရှိထားသူ ဗိုလ်ချုပ်ကြီးတဦးက မဝံ့မရဲဖြင့် ၎င်းမှာ စစ်အောင်နိုင်ရေးနှင့်ပတ်သက်ပြီး ဗေဒင်သွားရောက် မေးမြန်းခဲ့ရာ သေချာပေါက်အောင်မြင်နိုင်မည့် ယတြာကြီးတခုရရှိခဲ့ကြောင်း ခေါင်းဆောင်ကြီးထံ တင်ပြသည်။

စကားဆုံးသည်နှင့်တပြိုင်နက် ဗေဒင်ယတြာများတွင် အထူးယုံကြည်ကိုးစားသူ ခေါင်းဆောင်ကြီးတယောက် မျက်လုံးများဝင်းခနဲ တောက်ပသွားသည်။

သို့သော် အမူအရာမပျက် “ အေး ၊ ဆက်ပြော”

ခွင့်ပြုချက်ရပြီးနောက် ဧတဒဂ်ပိုင်ရှင်ဗိုလ်ချုပ်ကြီးက “ ယခုတကျော့ပြန်စစ်ဆင်ရေးမှာ အင်္ဂလိပ်ခေတ်နဲ့ ဂျပန်ခေတ်မှာ စစ်တိုက်တော်ခဲ့တဲ့ စစ်နည်းဗျူဟာကျွမ်းကျင်ခဲ့တဲ့ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ရုပ်ထုတွေကို ရှေ့တန်းစစ်မြေပြင်တွေမှာ စိုက်ထူပြီး ရန်သူကို ပြန်တိုက်မှာပါ “ သူ့ရဲ့ အစီအမံကို ပြောသည်။

“ ဘာ “ ခေါင်းဆောင်ကြီး၏ အာမေဍိတ်သံကြီး အစည်းအဝေးခန်းတွင်း လွှမ်းမိုးသွားသည်။

အခြားစစ်ဗိုလ်ချုပ်ကြီးများလည်း တဦးနှင့်တဦး ခိုးကြည့်ပြီး မျက်လုံးများအကြည့်ချင်း ဆုံလျက်။

ခေါင်းဆောင်ကြီးတယောက် ဆိုဖာခုံကို နောက်ကျောမှီချလိုက်ပြီး လက်ကိုပိုက်လျက် မျက်လုံးလေးမှေးကာ ၂ မိနစ်ခန့် ငြိမ်သက်သွားသည်။ ထို့နောက် အပြုံးစစလေးဖြင့် မျက်လုံးပြန်ဖွင့်လာသည်။

“ အားလုံး နားထောင်ကြ “

“ အဲ့ဒီယတြာအစီအမံ အင်မတန်ကောင်းတယ် ။ ငါတို့ ဘယ်လို ဆက်လုပ်ကြမယ်ဆိုတာ အစီအမံကို အသေးစိတ် ဝိုင်းပြီး ဆွေးနွေးတင်ပြကြ “ ဟု ခေါင်း ဆောင်ကြီးပြောဆိုလိုက်မှ တင်ပြသည့်ဗိုလ်ချုပ်ကြီး စိတ်သက်သာရာ ရသွား၏။

စစ်ဗိုလ်ချုပ်များအကြားတွင်လည်း တီးတိုးဆွေးနွေးချက်တွေထွက်ပေါ်လာပြီး သူ့ထက်ငါ ဆွေးနွေးချက်များ အသီးသီးရှိနေကြသည်။

မျက်နှာမဲမဲဖြင့် ဗိုလ်ချုပ်တဦးမှ ယင်းကဲ့သို့ ဗိုလ်ချုပ်ရုပ်ထုများ အသစ်သွန်းလုပ်ကာ ရှေ့တန်းသို့ ပို့ဆောင်မည်ဆိုပါက မည်သို့မျှအချိန်မမီနိုင် ဟု သုံးသပ်သည်။

စင်စစ် လက်တွေ့တွင်လည်း မည်သို့မျှအချိန်မလောက်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ စစ်ရှုံးနယ်မြေများသည် အလွန်များပြားကျယ်ပြန့်သည့် အတွက် ရုပ်ထုအများအပြားထုလုပ်ရလျှင် ခေါင်းဆောင်ကြီး၏ ရည်မှန်းချက်များ နှောင့်နှေးနိုင်သောကြောင့်ပင်။

“ တပ်ချုပ်ကြီး ခင်ဗျာ့၊ စစ်ဆင်ရေးသို့ပို့ဆောင်မည့် ဗိုလ်ချုပ်ရုပ်ထုများအား ယခုမှစတင်၍ အသစ်သွန်းလုပ်ပါက အချိန်ကြာမြင့်နိုင်ကြောင်း။ စစ်ဆင်ရေးရည် မှန်းချက်များအတွက် အချိန်လုံလောက်နိုင်မည် မဟုတ်ကြောင်း “ အထက်ပါဗိုလ်ချုပ်က သူ၏အတွေးကို ချက်ချင်း တင်ပြလိုက်သည်။

“ အေး၊ အဲ့ဒါဆို ဘယ်လိုလုပ်မလဲ “ ခေါင်းဆောင်ကြီး ပြန်မေးသည်။

အထက်ပါဗိုလ်ချုပ်က ဆက်လက်ပြီး “ ၄င်းတို့ ထိန်းချုပ်ထားသည့်မြို့နယ်များမှ ဗိုလ်ချုပ်ရုပ်ထုများအား ဖြိုချယူဆောင်၍ ပို့ဆောင်မည်ဆိုပါက ညတွင်းချင်းပင် ကိစ္စပြီးစီးနိုင်ကြောင်း “ ပြောသည်။

အကြံပြုချက်ကို ခေါင်းဆောင်ကြီး တယောက်ချက်ချင်းသဘောတူလိုက်ပြီး

“ ဟုတ်ပြီ အဲ့ဒါဆို ဘယ်မြို့က ရုပ်ထုကိုစပြီး ဖြုတ်သင့်သလဲ “ ခေါင်းဆောင်ကြီး၏ မေးခွန်းက ထပ်ရှိလာပြန်သည်။

ခေတ္တစဥ်းစားပြီးနောက် ခေါင်းဆောင်ကြီးမှ အားလုံးနားထောင်ကြ ။ ယခုတခါတွင် ခေါင်းဆောင်ကြီး ၎င်းကိုယ်တိုင်စဥ်းစားဆုံးဖြတ်ခြင်း ဖြစ်သည်။

ခေါင်းဆောင်ကြီးက “ ၎င်းတို့အနေဖြင့် တပ်ရင်းလိုက် ၊စစ်ကြောင်းလိုက် “ ပြုတ်” နေသည့် ဖြစ်စဥ်များ နောင်တွင်မရှိစေရေး ယတြာဓာတ်ရိုက်ဓာတ်ဆင်အနေဖြင့် “ ပြုတ်” ဆိုသည့် စကားလုံးကို ဖယ်ရှားနိုင်ရန် “ ပ” အက္ခရာနှင့်စတင်သည့် မြို့များမှ ဗိုလ်ချုပ်ရုပ်ထုများကို စတင်ဖယ်ရှားယူဆောင်ပြီး ပို့ဆောင်ကြ ” ဟု ညွှန်ကြားကာ အစည်းအဝေးကို ရုတ်သိမ်းလိုက်သည်။

ထို့နောက် ခေါင်းဆောင်ကြီးများ၏ ညွှန်ကြားချက်အရ ကနဦးစျေးဦးပေါက်အနေဖြင့် နေပြည်တော်နှင့်အနီးဆုံး၊ အမြန်ဆုံးဖြုတ်လို့ရမည့် ပုဗ္ပသီရိမြို့၊ ညစျေးအနီးပန်းခြံရှိ ဗိုလ်ချုပ်ရုပ်ထုကို မိုးထဲရေထဲမှာပင် တက်ညီလက်ညီ စတင်ဖြုတ်ယူလိုက်သည်။ ၎င်းကို ပုလဲမြို့စစ်ဆင်ရေးကို ပို့ဆောင်မည်ဟု စစ်ဗိုလ်ချုပ်များ လျာထားသည်။

နေပြည်တော်က ဗိုလ်ချုပ်ရုပ်ထုကြီး ဖြုတ်ယူခံရသည်ဟု သတင်းများဖော်ပြခံရသောကြောင့် ဝိုင်းဝန်းဆဲဆိုခံနေရသဖြင့် မေ့မေ့လျော့လျော့ဖြစ်အောင် ခေါင်းဆောင်ကြီးများ ခေတ္တရပ်လိုက်သည်။ သို့သော် စစ်ဆင်ရေးများမှာ အရေးကြီးနေပြီ။ နောက်ထပ် ရုပ်ထုတခုကို အမြန်ရွေးချယ်ရမည်ဖြစ်သည်။ နောက်ထပ်ပစ်မှတ်က ပဲခူးမြို့ ဗိုလ်ချုပ်ရုပ်ထု ။

မြို့လယ်ခေါင်လူစည်ကားရာဖြစ်၍ ညအမှောင်ထုကိုအားယူကာ စစ်သားများ ပဲခူးမြို့တွင်ကို ဖောကားကြီးဖြင့် တရွေ့ရွေ့ဝင်ရောက်လာသည်။ ည ၉ နာရီတွင် ပဲခူးမြို့ကို လျှပ်စစ်မီးဖြတ်တောက်လိုက်သည်။ “ ၃ နာရီအချိန်ရမယ် အပြီးလုပ်” ဗိုလ်တဦး၏ အမိန့်သံ။ ည ၁၂ နာရီခန့်တွင် ပဲခူးမြို့ မြင်းစီးရုပ်ထုက မြင်းရုပ်ထုရော ဗိုလ်ချုပ်ရုပ်ထုပါ ဖြုတ်ယူနိုင်ခဲ့သည်။ ဒုတိယအော်ပရေးရှင်း အောင်မြင်ပြီ။ ထို့နောက် လျှပ်စစ်မီး ပြန်လွှတ်ပေးလိုက်သည်။ ဗိုလ်ချုပ်ရုပ်နှင့်မြင်းရုပ် မရှိတော့သည်မှလွဲ၍ ကျန်တာအားလုံး ပိပိရိရိ ။

ရက်သတ္တပတ်ခန့်ကြာပြီးနောက် လူစည်ကားရာ ပြည်မြို့လယ်ခေါင်အဝိုင်းပတ်ရှိ မြင်းရုပ်ထုကြီးပေါ်က ဗိုလ်ချုပ်အောင်ဆန်း ရုတ်တရက် အသက်ဝင်လာကာ မြို့တွင်းရပ်ကွက်နေအိမ်များသို့ သွားရောက်ပြီး သူ့ကို ဝှက်ထားပေးဖို့ တအိမ်တက်ဆင်း အကူအညီ တောင်းခံနေသည်။

၎င်းတည်ထောင်ထားသည့်စစ်တပ်၏ လက်ရှိခေါင်းဆောင်ကြီးများက ညသန်းခေါင် မီးဖြတ်ပြီး မြို့လယ်ခေါင်ရှိ သူ့ရုပ်ထုများအား ပေါ်တာဆွဲနေသည်ဟု သတင်းများကြားပြီးနောက် ရုပ်ထုအဖြစ်နှင့် မြင်းပေါ် မနေရဲတော့ဘဲ ယခုလို ထွက်ပြေးခြင်းဖြစ်သည်။

ရပ်ကွက်နေပြည်သူများက အကူအညီလာတောင်းသည့် ဗိုလ်ချုပ်အား “ ဗိုလ်ချုပ် ၊ ဗိုလ်ချုပ် ဘာလို့ မြင်းပေါ် ကနေဆင်းပြီး လာပုန်းနေတာလဲ” ဟု မေးရာ “ ငါလည်း နှစ်အကြာကြီး မြင်းပေါ်ကမဆင်းရတာ ညောင်းလာလို့ အဲ မဟုတ်ဘူး ဒကစ က ပေါ်တာလာဆွဲမှာ ကြောက်လို့“ ဟု ဗိုလ်ချုပ် ပြန်ဖြေသည်။

သို့သော် ပြည်သူများမှ “ ပြီးခဲ့တဲ့လ ၁၉ ရက် ဗိုလ်ချုပ်တို့ကျဆုံးခဲ့တဲ့ အာဇာနည်နေ့ကမှ ခေါင်းဆောင်ကြီးက ဗိုလ်ချုပ် အောင်ဆန်း ဟာ တပ်မတော်ရဲ့ ဖခင်ကြီးဖြစ်ကြောင်း၊ ဗိုလ်ချုပ်ရဲ့အမွေအနှစ်တွေကို စနစ်တကျနဲ့ ထိန်းသိမ်းဖို့လိုကြောင်း” ပြောဆိုခဲ့တယ်ဆိုကာ ဗိုလ်ချုပ်ကို စောဒကတက်သည်။

စစ်ခေါင်းဆောင်ကြီးများ၏ ရှေ့တမျိုး ကွယ်ရာတမျိုး၊ အပြောတမျိုး အလုပ်တမျိုး အမျိုးမျိုးလုပ်ဆောင်လေ့ရှိသည်ကို မေ့လျော့နေသော ပြည်သူများ၏ စောဒကတက်မှုကို ဗိုလ်ချုပ်မဖြေရှင်းတော့။

ဆက်လက်ပြီး စိတ်ဘဝင်မကျသေးသည့် ပြည်သူများက “ စစ်တပ်က လူငယ်တွေကိုသာ ပေါ်တာဆွဲတာ ဖြစ်ကြောင်း၊ ဗိုလ်ချုပ်တို့လို လူကြီးတွေကို ပေါ်တာမဆွဲတာမလို့ ကြောက်စရာမလိုကြောင်း ” ဗိုလ်ချုပ်ကို ပြော၏။

စစ်ခေါင်းဆောင်ကြီးများ၏ စစ်ဆင်ရေးယတြာများကို သိရှိထားသည့် ဗိုလ်ချုပ်က ၎င်းကို ပေါ်တာဆွဲကာ ရှေ့တန်းမှာ စစ်တိုက်ခိုင်းမည့် အစီအမံကို ပြည်သူများထံ ရှင်းပြသည်။

ဗိုလ်ချုပ်ရှင်းပြချက်အား အနည်းငယ်မကျေနပ်သေးသည့် မြို့ခံတချို့က“ မြန်မာပြည်မှာ ဗိုလ်ချုပ်ရုပ်ထုရှိတဲ့ မြို့တွေ အများကြီးရှိသေးကြောင်း၊ ဗိုလ်ချုပ်က ဘာကြောင့် ပြေးနေရသနည်း “ ဟု ထပ်မေးသည်။

ဗိုလ်ချုပ်က “ သူ၏ နောင်လာ၊နောက်သား ခေါင်းဆောင်ကြီးများ၏ယတြာအရ “ပ” အက္ခရာနဲ့ စတဲ့ မြို့တွေက ရုပ်ထုတွေကို ရွေးချယ်ပေါ် တာဆွဲနေတာဖြစ် ကြောင်း၊ ပုပ္ဗသီရိနဲ့ ပဲခူးကရုပ်ထုတွေတော့ အဆွဲခံရလိုက်ရပြီဖြစ်ကြောင်း၊ ပြီးရင် “ ပြည်”ကို လှည့်လာနိုင်ကြောင်း “ရှင်းပြသည့်အခါမှ ပြည်သူများ လက်ခံသွားသည်။

ဗိုလ်ချုပ်စိုးရိမ်ချက်ကို နားလည်သွားသည့် ပြည်သူများက “ ဟာ ဒီလိုဆို ဗိုလ်ချုပ် ကျနော်တို့လည်း လက်မခံရဲဘူး၊ နောက်ပြီး မြို့တွင်းထဲမှာတင် ပုန်းတာ မလုံခြုံနိုင်ဘူး၊ တခြားမြို့ကို ပြေးတာကောင်းမယ်” ဟု ဝိုင်းဝန်းအကြံပြုသည်။

ထိုအကြံပြုချက်ကို ဗိုလ်ချုပ်လက်ခံလိုက်သည်။ သို့သော် သတင်းလုံခြုံရေးအရ ဘယ်မြို့ကို ပြေးမည်ဆိုသည်ကို မပြော။

ဗိုလ်ချုပ် ပြည်မြို့မှ ထွက်ခွာရန်ပြင်ဆင်နေချိန် ပြည်နှင့် မလှမ်းမကမ်းရှိ ပေါက်ခေါင်းမြို့က ဗိုလ်ချုပ်ရုပ်ထု ပြည်မြို့ကို ရောက်ရှိလာသည်ကို တွေ့ရှိ၍ မေးမြန်းရာ ၎င်းကဲ့သို့ပင် ပေါ်တာကြောက်၍ ထွက်ပြေးလာခြင်းဖြစ်ကြောင်း ရှင်းပြသည်။

အဖော်ရသွားသော ပြည်မြို့ဗိုလ်ချုပ်က ဝမ်းသာအားရဖြင့် ပေါက်ခေါင်းဗိုလ်ချုပ် လက်ကိုဆွဲ၍ ပြည်ဘူတာသို့သွားကာ ရထားစီးပြီး ပြည်မြို့မှ စတင်ထွက်ခွာလာသည်။ ဗိုလ်ချုပ် ၂ ဦးစလုံး စိတ်ထဲမှာတော့ စိုးရိမ်စိတ်အပြည့်ဖြင့်။

သို့သော် မထင်မှတ်ထားသည်နှင့်ကြုံလိုက်ရသည် ။ ၂ ဦးစလုံး စိုးရိမ်နေသည့် အတိုင်းပင် ဖြစ်လာသည်။

ဖြစ်စဥ်မှာ ဖြုတ်ယူလာသည့် ပေါင်းတည်မြို့ကဗိုလ်ချုပ်ရုပ်ထုကို စစ်ကော်မရှင်တပ်များက နေပြည်တော်သို့ပို့ဆောင်ရန် ပေါင်းတည်ဘူတာသို့ရောက်ရှိလာချိန် ၎င်းတို့ ၂ ဦးကိုပါတွေ့ရှိ၍ ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရပြီး ပေါင်းတည်ဗိုလ်ချုပ်နှင့်အတူ စစ်ခေါင်းဆောင်ကြီးများရှိရာ နေပြည်တော်သို့ရောပြီး ပို့ဆောင်ခံလိုက်ရပါတော့သည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။