ရဲ ၁ ဦးအပါ ၃ ဦးအရှင်ဖမ်းမိပြီး လက်နက်တွေလည်းသိမ်းဆည်း
မြိုင်၊ သြဂုတ် ၁၀၊ ၂၀၂၅။
မကွေးတိုင်း၊ မြိုင်မြို့ပန်းခြံအနီး ဂိတ်ချတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စီးနင်းတိုက်ခိုက်ရာ ရဲ ၁ ဦးအပါ ၃ ဦးကိုအရှင်ဖမ်းမိပြီး လက်နက်တွေလည်းရရှိခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဆီက သိရပါတယ်။
အင်အား ၂၀ ကျော်ရှိတဲ့အဲ့ဒီစစ်ကောင်စီဂိတ်စခန်းကို သြဂုတ် ၁၀ ရက်ဒီမနက် ၅ နာရီဝန်းကျင်မှာ စတင်ပြီး ဒရုန်းနဲ့ဗုံးကြဲပြီးနောက် စခန်းထိဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“မနက် ၅ နာရီလောက်မှာစသိမ်းတာ။ ဒရုန်းနဲ့ မြို့ထဲရဲစခန်းတွေရော စစ်တပ်အထိုင်ချထားတဲ့နေရာ မှန်သမျှ အကုန်လုံးကို ဝေဟင်ကနေပြီးတော့ အရင်ဦးဆုံးတားထားပြီးတော့ အဲ့စခန်းကို ဒရုန်းနဲ့ အရင်ချေမှုန်းပြီးတော့မှဝင်သိမ်းတာ။ စခန်းကို ဝင်လုံးတဲ့အချိန်က ၁၀ မိနစ်လောက်ပဲကြာမယ် စတဲ့အချိန်နဲ့ဆို ၅ နာရီလောက်ကြာတယ်” လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကိုနဂွင်း ကပြောပါတယ်။

စီးနင်းတိုက်ခိုက်ခဲ့တဲ့စခန်းဟာ မြိုင်မြို့မရဲစခန်းနဲ့ မိုင်ဝက်ခန့်ဝေးပြီး စစ်ကူလာနိုင်တဲ့လမ်းကြောင်းတွေကိုလည်း ဖြတ်တောက်ထားကြောင့် စစ်ကောင်စီတပ်တွေဘက်က စစ်ကူမလာနိုင်ဘဲ မြို့လည်ခေါ်ရှိ ဒေသခံနေအိမ် ၁ လုံးပေါ်ကနေပဲ စက်လက်နက်တွေနဲ့ပစ်ခတ်ကာ ဂျက်ဖိုက်တာ၊ ပါရာမော်တာတွေ သုံးပြီး လေကြောင်းပစ်ကူလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
“မြို့ထဲကစစ်ကူမလာနိုင်ဘူး။ လာနိုင်တဲ့လမ်းကြောင်းတွေ အကုန်ဖြတ်တောက်ထားတာဆိုတော့ ရဲစခန်းနဲ့လည်း အရမ်းမဝေးတော့ဘူး။ ပန်းခြံနားက မီးသတ်ရုံးထဲမှာလည်း စကစတွေရှိတယ်။ ၂၀ မပြည့်တပြည့်။ မီးသတ်ရုံးကိုလည်းတဖွဲ့က အယောင်ပြတိုက်နေတာရှိတယ်။ အထက ၁ ကိုကျ ဝေဟင်ကဒရုန်းနဲ့” လို့ ကိုနဂွင်းကဆက်ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း အဲ့ဒီဂိတ်စခန်းမှာရှိနေတဲ့ ရဲ ၁ ဦးနဲ့ ဝန်ထမ်း ၂ ဦးဖမ်းမိတဲ့အပြင် မြို့မရဲစခန်းကို ထွက်ပြေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မဟာမိတ်အဖွဲ့တွေက ကြားဖြတ်တိုက်ချိန်မှာလည်း G3 ၃ လက်နဲ့ ကျည်တချို့ရရှိခဲ့တယ်လို့ ဆိုပါတယ်။
“ချေမှုန်းရေးစစ်ကြောင်း၊ အရောင်ပြစစ်ကြောင်း ဖြတ်တောက်ရေးစစ်ကြောင်း အဲ့လိုခွဲတိုက်တာဆိုတော့ အထိအခိုက်ကတော့များမှာ၊ ကျနော်တို့ဝင်ပြီးလုံးတဲ့အချိန်ရောက်တော့ ထွက်ပြေးကုန်တာ ရဲစခန်းဘက်ဆီကိုပြေးတာ။ ကျတော်တို့ကြားထဲမှာရှိတဲ့ ဖြတ်တောက်ရေးသမားတွေနဲ့တွေ့ပြီး အဲ့မှာ ဖြတ်တိုက်ရင်းနဲ့ သေနတ်ကရတာ”လို့ ကိုနဂွင်းကပြောပါတယ်။
ဒီတိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲတွင်း စစ်ကောင်စီတပ်ဘက်က ၁ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့လည်းဆိုပါတယ်။
တိုက်ခိုက်ပြီးနောက် မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေက လေကြောင်းနဲ့ ဗုံးကြဲတာတွေတွေလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ဇူလိုင် ၉ ရက်ကလည်းမြိုင်မြို့၊ စီမံကိန်းဦးစီးဌာနရုံးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ရာ ရဲအုပ် ၁ ဦးအပါ ၁၂ ဦးအရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ပါသေးတယ်။
စာတည်း – လင်း