စစ်ကိုင်းမှာ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ

0 5
0 5

စစ်ကိုင်း၊ မတ် ၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်း – မုံရွာလမ်းမှာ သွားနေတဲ့ ၁၂ ဘီးကားစစ်ယာဥ်တန်းကို မတ်လ ၃ ရက် မနေ့ကနေ့လယ်ပိုင်းမှာ နေရာနှစ်ခုကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ People Defence force – South Monywa က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းမြို့နယ်၊ ဂွေးပင်တောရနဲ့ ရေပိုးစားရွာကြားကနေ နေ့လယ် ၁ နာရီ ၄၅ မိနစ်မှာ ပဒေသာမိုင်း ၃ လုံး၊ နေ့လယ် ၂ နာရီခွဲလောက်မှာ ပဒေသာမိုင်း ၃ လုံးတွဲ ၂ တွဲနဲ့ ဒုတိယအကြိမ် စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ပထမစစ်ယာဥ်တန်း ၃ စီးက မုံရွာကနေ စစ်ကိုင်းကို သွားတာ။ နောက်ဆုံးက ကားရဲ့ နောက်ပိုင်းကို ထိတယ်။ ဒုတိယအကြိမ်က စစ်ကိုင်းကနေ မုံရွာကို သွားတဲ့ကား ၅ စီးကိုတိုက်တာမှာ နောက်ဆုံးကားပဲ ဘော်ဒီတွေ စုတ်ပြတ်သွားပြီး ဒဏ်ရာရရှိခဲ့သူတွေ ရှိတယ်” လို့ South Monywa မှ တာဝန်ရှိသူက ပြောပါတယ်။

ဒီလှုပ်ရှားမှုကို People Defence Force South-Monywa မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်း၊ Monywa People’s Liberation Force ဒေါင်းမင်းစစ်ကြောင်းတပ်ခွဲ၊ Black Hunter people Task Force၊ Romin Thirteen People People Defence Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ တိုက်ခိုက်ချိန်အတွင်း စစ်သားတွေဘက်က ပြန်လည်ပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် တိုက်ခိုက်ရေးရဲဘော်တွေ အန္တရာယ်ကင်းခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဘက်က ထိခိုက်ဒဏ်ရာရ အခြေအနေတွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၄ ရက် နေ့လယ်ကလည်း People’s Defence Force – South Monywa အဖွဲ့ဟာ မဟာမိတ်တွေနဲ့ပေါင်းပြီး မုံရွာမြို့လဝကရုံးမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာအပြင် RPGတွေနဲ့ပါ တိုက်ခိုက်ခဲ့လို့ သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။