တညောင်ရဲစခန်းတိုက်ပွဲပြန် PDF တွေကို ရွာ ၆ ရွာဒေသခံတွေ စုပေါင်းကြိုဆို

စလင်း ၊ ဩဂုတ် ၂ ၊ ၂၀၂၅ ။

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ်ရဲစခန်းသိမ်းတိုက်ပွဲကနေပြန်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – စလင်းတပ်ဖွဲ့ဝင်တွေကို စလင်းမြို့နယ် ရွာ ၆ ရွာက ဒေသခံပြည်သူတွေစုပေါင်းပြီးကြိုဆိုခဲ့ကြတယ်လို့ စလင်းပကဖတာဝန်ခံ M 4 က ပြောပါတယ်။

တညောင်တိုက်နယ်ရဲစခန်းကို ဇူလိုင် ၃၀ ရက်မှာ စလင်းပကဖတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး အောင်ပွဲရပြီးပြန်လာတဲ့တပ်ဖွဲ့ဝင်တွေကို ရွာ ၆ ရွာက ဒေသခံ ၁,၅၀၀ ခန့်က ကြိုဆိုခဲ့ကြတာလို့ ဆိုပါတယ်။

” လေကြောင်းအန္တရာယ်တွေကြောင့် ပြည်သူတွေကို ကြိုဆိုမှုတွေ လူစုလူဝေးမလုပ်ဘဲနဲ့ ခဏထိန်းထား‌တာ၊ ကျနော်တို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ပြည်သူတွေကနေပြီးတော့ ဝမ်းမြောက်ဝမ်းသာ ဝမ်းပန်းတသာလှိုက်လှိုက်လှဲလှဲနဲ့ ကြိုဆိုကြတာပါ၊ အဓိကတော့ ရဲဘော်တွေအတွက် မုန့်တွေ၊ အားဆေးတွေ၊ အောင်သပြေတွေ၊ ပန်းကုံးတွေနဲ့ ကြိုဆိုကြတာ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-စလင်း တာဝန်ခံ M 4 က ပြောပါတယ်။

ဇူလိုင် ၃၀ ရက်မှာ တညောင်တိုက်နယ်ရဲစခန်းကို PDF တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး လက်နက်၊ ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တာပါ။

” စခန်းသိမ်းနိုင်တဲ့အတွက် တော်တော်ဝမ်းသာတယ်၊ ဒီစခန်းသိမ်းနိုင်ဖို့လည်း ကျနော်တို့အချိန်ယူပြီးတော့ သေချာထောက်လှမ်းရတယ်၊ သေချာစစ်ရေးကြိုတင်ရေးဆွဲပြီးမှ လုပ်နိုင်ခဲ့တယ်၊ အဓိကတော့ ပြည်သူတွေကို အနိုင်ကျင့်နှိပ်စက်နေတဲ့ စစ်အုပ်စုရဲ့စခန်းဖြစ်တဲ့အတွက် ပြည်သူတွေအတွက် လုပ်နိုင်ခဲ့လို့ ပိုပြီးတော့ဝမ်းသာရပါတယ်၊ ပြည်သူတွေရဲ့ ကြိုဆိုမှုအပေါ်မှာတော့ လုံးဝကိုအတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်” လို့ ၎င်းက ဆိုပါတယ်။

စလင်းမြို့နယ် တညောင်တိုက်နယ်ဟာ မကွေးတိုင်းထဲက စစ်ကောင်စီတပ်ရဲ့ ကပစတပ်အများအပြားကို လျှပ်စစ်မီးဖြန့်ဝေနေတဲ့ ဓာတ်အားပေးစက်ရုံရှိတာကြောင့် စစ်ကောင်စီတပ်အင်အားအများအပြားရှိတဲ့နေရာဖြစ်သလို စလင်းတပ်နယ်လက်အောက်တပ်ရင်းတွေနဲ့လည်း နီးကပ်တဲ့နေရာတခုလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။