စစ်သင်္ဘော ၁ စီးနဲ့ မော်တော် ၄ စီးမီးလောင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး
မြေလတ်အသံ၊ ဇူလိုင် ၃၁၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်က မော်လိုက်နဲ့ ဖောင်းပြင်မြို့နယ်တို့မှာ ငမန်းစစ်ဆင်ရေးအဖြစ် စစ်သင်္ဘောနဲ့ စစ်လက်နက်ရိက္ခာတင်မော်တော်ကြီး စုစုပေါင်း ၂၀ ကျော်ကို ၃ ရက်ဆက်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူရှိပြီး သင်္ဘောနဲ့မော်တော်တွေလည်းမီးလောင်ခဲ့တယ်လို့ ဇူလိုင် ၃၁ ရက်မှာ မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ပါတယ်။
မုံရွာမြို့ကနေ ချင်းတွင်းမြစ်အတိုင်းထွက်ခွာလာတဲ့ စစ်ရေယာဥ် ၂၈ စီးအနက် ၂၃ စီးဟာ ဇူလိုင် ၂၅ ရက်မှာ ဖောင်းပြင်မြို့နယ်အပိုင်ကို ဝင်ရောက်လာချိန်မှာ ပထမအကြိမ်၊ ဖောင်းပြင်ကနေ မော်လိုက် မြို့နယ်ထဲကိုအသွား ဇူလိုင် ၂၆ ရက်မှာ ဒုတိယအကြိမ်နဲ့ ၂၈ ရက်မှာ ဖောင်းပြင်မြို့ နယ်ကနေ ဟုမ္မလင်းမြို့နယ်ကိုအထွက်မှာ တတိယအကြိမ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။



“မုံရွာဘက်ကနေထွက်လာတာပါ။ ၂၈ စီးထွက်လာတာ၊ ဒီဘက်ကိုက ၂၃ စီးရောက်လာပါတယ်။ ဖောင်းပြင်မြို့ရောက်မှ ပြန်ပြင်ပြီးအထက်ကိုပြန်ဆန်ပါတယ်။ စကစတွေ သေဆုံးတာနဲ့ ဒဏ်ရာရတာက ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေ ပစ်ခတ်မှုအတွင်းမှာပါ။ ၂၈ ရက်နေ့မှာ နောက်ဆုံးပစ်တဲ့ဟာက သင်္ဘောမီးလောင်တာပဲ မြင်တွေ့ရပြီး စကစသေဆုံးမှုကိုသတင်းလိုက်နေဆဲပါ”လို့ ငမန်းစစ်ဆင်ရေးထဲမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးတာနဲ့ ဒဏ်ရာရရှိတာကို တပ်တွင်းသတင်းရင်းမြစ်၊ စနိုက်ပါသမားတွေရဲ့ ပစ်ခတ်မှုမြင်ကွင်းနဲ့ ထောက်လှမ်းရေးသတင်းရယူမှုတို့ကနေ အတည်ပြုခဲ့တာဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရသူတွေဟာ သင်္ဘောပေါ်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေဖြစ်တယ်လို့ အထက်ပါတာဝန်ရှိသူကဆိုပါတယ်။



တိုက်ခိုက်မှု ၃ ကြိမ်အတွင်းမှာ စစ်ကောင်စီဘက်ကလည်း ၁၂၂ စက်အမြောက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တဲ့အပြင် တိုက်ခိုက်ရေးလေယာဥ် ၁ စီး၊ ၄၀ မမအတွဲလိုက် စက်သေနတ်တွေနဲ့ပါ ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးတပ်တွေဘက်ကထိခိုက်မှုမရှိခဲ့ဘူးလို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို မော်လိုက်ခရိုင်ကွပ်ကဲရေးရုံးတပ်ဖွဲ့၊ ခရိုင်တပ်ရင်း( ၁)(၂)(၃)(၄)၊ မော်လိုက်မြို့နယ် ပကဖ၊ ဖောင်းပြင်မြို့နယ်ပကဖ၊ စစ်ဒေသလက်ရုံးတပ်တွေ၊ ခန္တီးခရိုင်လက်နက်ကြီးအဖွဲ့၊ ကသာခရိုင်- တပ်ရင်း(၂)လက်နက်ကြီးအဖွဲ့တို့က ပူး ပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်ခံရပြီးနောက် အဆိုပါစစ်ရေယာဥ်တန်းဟာ ဖောင်းပြင်ကနေတဆင့် ဟုမ္မလင်းမြို့နယ်ကို ဇူလိုင် ၂၈ ရက်လယ်မှာရောက်ရှိခဲ့ပြီး အဲ့ဒီကနေတဆင့် ခန္တီးမြို့နယ် အထိ ဆက်လက်သွားမှာလို့ သိရှိရကြောင်း အထက်ပါတာဝန်ရှိသူကဆိုပါတယ်။
စာတည်း – လင်း