⁨အိန္ဒိယကိုပို့မယ့် WYဆေးပြား ၈ သိန်းသယ်လာသူ ၅ ဦးကို ဆေးပြားတွေနဲ့အတူဖမ်းမိ

0 27
0 27

မြေလတ်အသံ၊ ဇူလိုင် ၂၂၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ရာဇဂြိုဟ်မြို့မှာ အိန္ဒိယနိုင်ငံကိုပို့မယ့် WY စာတန်းပါ မူးယစ်ဆေးဝါး အလုံးရေ ၈ သိန်း သယ်ယူလာသူ ၅ ဦးကို ဖမ်းဆီးရရှိခဲ့တယ်လို့ ဇူလိုင် ၂၀ ရက်မှာ CNO Upper Chindwin Region-UCR က ထုတ်ပြန်ပါတယ်။

အဆိုပါ WY ဆေးပြားတွေကို အိန္ဒိယနိုင်ငံမှာနေထိုင်တဲ့ EM ဆိုသူထံကို ပေးပို့မှာဖြစ်တယ်လို့သိရပြီး ဆေးပြားတွေနဲ့အတူ ငွေသား ကျပ်သိန်း ၁၅၀၊ ဖုန်း ၅ လုံးနဲ့ ဆိုင်ကယ် ၄ စီးကို သိမ်းဆည်းရရှိထားတယ်လို့ ဆိုပါတယ်။

“လက်ရှိအချိန်ထိ တရားခံတွေထွက်ဆိုချက်က India နိုင်ငံထဲက EM ဆိုသူကို ပို့မယ်တဲ့။ အသေးစိတ်တော့ မြေပြင်ကနေ သတင်းတက်မလာသေးဘူးဗျ။ သူတို့ကို တရားဥပဒေအရ အရေးယူမှာပါ။ တရားရေးပိုင်းကပဲ ဆုံးဖြတ်လိမ့်မယ်။သူတို့ထွက်ဆိုချက်အရတော့ သယ်ပေးတဲ့သူလို့ပဲ ပြောကြတယ်”လို့ CNO Upper Chindwin Region-UCR မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါဆေးပြားတွေကို ကလေးမြို့ကနေ တမူးမြို့ကိုသယ်ဆောင်လာစဉ် ကလေးမြို့နဲ့တမူးမြို့ကြားရှိ ရာဇဂြိုဟ်မြို့မှာ ဖမ်းဆီးရရှိခဲ့တာဖြစ်ပြီး ဆေးပြားတွေကို တမူးမြို့ကနေ အိန္ဒိယအထိ ဆက်လက်ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးသယ်ဆောင်သူတွေကို အမှုဖွင့်ထားပြီး ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးတွေနဲ့ သယ်ဆောင်သူတွေကို ဥပဒေအတိုင်းအရေးယူနိုင်ဖို့ ဆောင်ရွက်နေလို့လည်း သူက ဆက်ပြောပါတယ်။

ကလေးကဘော်ဒေသမှာ မူးယစ်ဆေးဝါးသယ်ဆောင်သူ၊ ဖြန့်ဝေသူ၊ သုံးစွဲသူနဲ့ ရောင်းချသူတွေကိုသိရှိတာနဲ့ Chin National Organization (Upper Chindwin Region) က ဆက်လက်ဖမ်းဆီးသွားမှာဖြစ်ပြီး ပြင်းပြင်းထန်ထန်အရေးယူမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။