ကန့်ဘလူ၊ ဇူလိုင် ၁၅၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်မှာ ကျောင်းကားလုံခြုံရေးလိုက်စောင့်ပေးပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရပြီး ၄ ဦးသေတယ်လို့ ကန့်ဘလူခရိုင်ပကဖလှုပ်ရှားအဖွဲ့ထံက သိရပါတယ်။
ဇူလိုင် ၁၄ ရက် နေ့လယ် ၁ နာရီကျော်မှာ ဇီးကုန်းမြို့အထကကျောင်းကနေပြန်တဲ့စစ်တပ်ကျောင်းကားကို လုံခြုံရေးလိုက်စောင့်ပေးပြီးပြန်လာတဲ့ စစ်ကောင် စီတပ်ဖွဲ့တွေကို ကျောင်းအနီးမီတာ ၂၀၀ ခန့် မှာ လျှပ်တပြတ်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

” တကယ်တမ်းဆိုရင် သူတို့က အရက်ထွက်ဝယ်တာမဟုတ်ဘူး။ စစ်ကောင်စီကျောင်းဖွင့်ထားတာရှိတယ်။ ၁ နာရီဆို စာသင်ကျောင်းဆင်းတော့ ၁၀ ယောက်လိုက်ပို့တာ။ ကျောင်းအပြန်ကျောင်းကားတွေကိုလိုက်စောင့်တာ။ ပြန်လာတဲ့အချိန်မှာ ၅ ယောက်၊ ၅ယောက် ခွဲသွားတာ။ တကယ်တမ်း တားဂတ် (target) ထားတာက ၁၀ (ယောက်) ကိုပေါ့နော်။ ၅ ယောက် ၅ ယောက်ခွဲပြန်သွားတော့ နောက်ဆုံးကျန်ခဲ့တဲ့ ၅ ယောက်ကို ပစ်ခတ်မှုစတင်လိုက်တာ” လို့ ကန့်ဘလူခရိုင်ပကဖလှုပ်ရှားအဖွဲ့ ဇီးကုန်းမစ်ရှင်တာဝန်ခံ ကိုပိုင်ချဲက မြေလတ်အသံကို ပြောပါတယ်။
ပစ်ခတ်ခံရတဲ့စစ်ကောင်စီတပ်ဖွဲ့ဟာ ဇီးကုန်းမြို့၊ အထကကျောင်းမှာတပ်စွဲနေတဲ့တပ်ဖွဲ့ဖြစ်ပြီး ၎င်းတို့ဟာ အထကကျောင်းကနေ ကန့်ဘလူ၊ စစ်ကောင်စီကြံစိုက်ပျိုးရေးတပ်ဆီပြန်မယ့်ကျောင်းကားကို ကျောင်းပြင်ပ မီတာ ၁၂၀၀ ခန့်အထိ နေ့စဥ်လိုက်ပို့ပေးတဲ့အဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တပ်ကြပ် ၁ ဦးနဲ့ မဒေါင်းလှပျူစောထီးအဖွဲ့ဝင် ၃ ဦး သေဆုံး၊ ၁ ဦး ထွက်ပြေးလွတ်မြောက်သွားကာ ၎င်းတို့ကိုင်ဆောင်တဲ့ AK သေနတ် ၁ လက်၊ ကာဘိုင် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်ပွားချိန် ပြည်သူတွေရဲ့ ဆိုင်ခန်းအချို့နဲ့ ဆိုင်အတွင်း ပစ္စည်းအချို့ထိခိုက်ပျက်စီးတာတွေရှိခဲ့လို့ စိတ်မကောင်းဖြစ်မိတယ်လို့ သူကဆက်ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီး ညနေပိုင်းလောက်မှာ အထက ၁ ကျောင်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေဆုံးစစ်ကောင်စီတပ်ဖွဲ့ရုပ်အလောင်းတွေကို လာပြန်ကောက်သွားတယ်လို့ ၎င်းက ဆိုပါတယ်။
တိုက်ခိုက်မှုကို ကန့်ဘလူခရိုင်လှုပ်ရှား ပကဖဗိုလ်ရသ (ခ) ဗိုလ်ပိုင်ချဲအဖွဲ့နဲ့ ရေဦးနယ် ဓူဝံပကဖ ဂျာဂျာ တော်လှန်ရေးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဇွန် ၇ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ညောင်ပေါင်ရင်းကျေးရွာအနီးရှိ လင်ဗန်းဆည်မှာ ကင်းတာဝန်ကျ ပျူစောထီးအဖွဲ့တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ