ငါန်းဇွန်၊ ဇွန် ၉၊ ၂၀၂၅။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကြီးတွေအပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံ ဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲ ပူးပေါင်းအင်အား ၅၀ ခန့်ရှိတဲ့မြို့သာရဲစခန်းကို ဇွန် ၈ ရက် မနက်အစောပိုင်း ၅ နာရီခွဲလောက်မှာ ၆၀ မမ ၅ လုံး၊ ၄၀ မမ ၃ လုံးနဲ့ စတင်တိုက်ခိုက်ပြီးနောက် လက်နက်ငယ်တွေနဲ့ပါ အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အပြန်အလှန်ပစ်ခတ်မှုနာရီဝက်လောက်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရသွားတယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံ တာဝန်ခံက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံ၊ စဉ့်ကိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက်မှာ မြို့သာရဲစခန်းအနီးက ခရီးသွားပြည်သူ ၂၀ ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးခြင်းရှိ၊ မရှိ ကိုတော့မသိရဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၁၂ ရက်ကလည်း ငါန်းဇွန်မြို့နယ်၊ ရွှေတောင်ကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးထွန်းဦးကို နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံ ကပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။
သတင်း – ဒိန်းဂျား၊ တည်းဖြတ် – HP