myaelatt athan

Sharing Information to the Local

ပျူစောထီးရိက္ခာသယ်ကားကို ကြားဖြတ်တိုက်ခိုက်မှု ၂ ဦးသေဆုံးပြီး ကားကိုမီးရှို့ဖျက်ဆီး (ရုပ်/သံ)

ရွှေဘို၊ မတ် ၁၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဥသျှစ်ကန်ကျေးရွာ သုဿန်အနီး၊ ကျွန်းတောကွေ့ ရွှေဘို-ရေဦးလမ်းပိုင်းမှာ ပျူစောထီးရိက္ခာသယ်ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ၂ ဦးသေဆုံးကာ ကားကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပကဖ ပြန်ကြားရေးထံက သိရပါတယ်။

မတ် ၁၄ ရက် ညနေ ၃ နာရီ မိနစ် ၄၀ ခန့်မှာ ပန်းရံကျေးရွာ ပျူစောထီးခေါင်းဆောင် အောင်ကျော် ဦးဆောင်ပြီး ဇီးဖြူကုန်း၊ ပန်းရံ၊ ဇီးကုန်းလေးက ပျူစောထီးတပ်ဖွဲ့ဝင် ၆၀ ဝန်းကျင်နဲ့ ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ တပ်ထဲကနေ ရိက္ခာထုတ်ပြီးပြန်လာတဲ့ ကား ၃ စီးကို လမ်းကနေကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဖြတ်တိုက်တဲ့အချိန်မှာ ကား ၂ စီးက ရပ်သွားပြီးတော့မှ လူတွေက အကုန်ထွက်ပြေးသွားတယ်။ ထိတွေ့တိုက်ပွဲက ၁ နာရီကျော်ကျော် ကြာလိုက်တယ်။ ရွှေဘိုကျွန်းတောလမ်းပေါ့နော်။ အဲ့လိုဖြစ်နေချိန် ရွှေဘိုမြို့ကညန ကနေ လက်နက်ကြီးပစ်ကူပေးတယ်။ မြေခွန်ဘက်က ပေါသိန်းတို့ ပျူအုပ်စုကလည်း ကျနော်တို့ဘက်ကို ထိုးစစ်ဆင်တယ်။ “လို့ ရွှေဘိုမြို့နယ်ပကဖပြန်ကြားရေးတာဝန်ခံ မင်းသားက ပြောပါတယ်။

တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ပန်းရံကျေးရွာက ပျူစောထီးတပ်ဖွဲ့ဝင် ၂ ဦးရဲ့အလောင်းတွေကို ပျူစောထီးတပ်ဖွဲ့ဝင်တွေက ပြန်လည်ဆွဲထုတ်သွားတယ်လို့ သိရကာ စက်သုံးဆီပေပါ ၁ လုံး၊ စားအုန်းဆီ ၆ ပုံး သိမ်းဆည်းနိုင်ခဲ့ပြီး ပျူစောထီးတပ်ဖွဲ့ဝင်တွေရဲ့ကားကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖတာဝန်ခံရဲ့ကွပ်ကဲမှုနဲ့ ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့(PDO)မှ ဦးဆောင်ကာ တိုက်နယ် (၅)ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ ဂဠုန်ကြီး ပကဖ၊ ဘီလူးညီနောင် ပကဖ၊ လှိုင်းလုံးနီအဖွဲ့၊ AK ပကဖ၊ တိုက်နယ် (၁) Golden Future Force ပကဖ၊ MC ပကဖ၊ တာဂဏနဂါးမင်း ပကဖအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ဥသျှစ်ကန်ကျေးရွာ သုသာန်အနီး ရွှေဘို-ရေဦးလမ်းပိုင်းပေါ်မှာ ရိက္ခာထုတ်ပြီးပြန်လာတဲ့ ပျူစောထီးအဖွဲ့ ကြားဖြတ်တိုက်ခိုက်ခံရလို့ ၃ ဦးသေခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ကိုချမ်း၊ တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။