myaelatt athan

Sharing Information to the Local

မင်းလှတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး၊ ၁ ဦးအရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်း (ရုပ်/သံ)

0
0

မင်းလှ၊ ဧပြီ ၂၉၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ စစ်‌ကောင်စီစစ်ကြောင်းနဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပြီးစစ်ကောင်စီတပ်သား ၁၀ ဦးသေကာ ၁ ဦးအရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ တိုက်ခိုက်ရာမှာပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မနေ့က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၂၇ ရက် မနက်အစောပိုင်းမှာ မင်းလှမြို့နယ် သရော်ကုန်ရွာကထွက်လာတဲ့ စစ်ကောင်စီ အင်အား ၇၀ ဦးပါခြေလျင်စစ်ကြောင်းဟာ မနက် ၉ နာရီလောက်မှာ ငမိုးရိပ်ရွာအတွင်းကို ရောက်နေချိန် PDF ပူး‌ပေါင်းတပ်တွေက တိုက်ခိုက်တာကို ခံခဲ့ရတာပါ။

လက်နက်ကြီးငယ်တွေနဲ့ပစ်ခတ်ရင်း နှစ်ဘက်တိုက်ပွဲပြင်းထန်နေချိန် မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်က Mi 35 ရဟတ်ယာဉ် ၁ စီး ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းပစ်ကူပေးခဲ့ပေမယ့် စစ်ကောင်စီဘက်ကသေဆုံးမှုများပြားခဲ့တယ်လို့ ၃၈၀၂ တပ်ခွဲ ၂ တပ်ခွဲမှူး ဗိုလ်တိမ်တိုက် ကပြောပါတယ်။

တိုက်ပွဲကြာချိန် ၂ နာရီခန့်အတွင်းမှာ စစ်ကောင်စီဘက်က ၁၀ ဦး သေပြီး ၁ ဦးကို အရှင်ဖမ်းမိကာ လက်နက်ငယ် ၁ ဒါဇင်နီးပါးနဲ့ စစ်အသုံးဆောင်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တပ်ခွဲ ၁ Dragon Brothers (GBK-PDF)၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၊ တပ်ခွဲ ၅၊ တပ်ခွဲ ၆ Black Dragon (GBK-PDF) နဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃၊ သာယာဝတီ ခရိုင် တပ်ရင်း ၃၈၀၁ မှ တပ်ခွဲ ၆ AyeYarNyiNaung၊ ပဲခူးခရိုင် တပ်ရင်း ၃၇၀၁ တပ်ခွဲ ၅ တို့ ပူး‌ပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး PDFရဲဘော် ၁ ဦးလည်း မစိုးရိမ်ရတဲ့ဒဏ်ရာရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၆ ကလည်း မင်းလှမြို့နယ် ဆားချောင်းရွာထိပ် ကြိုးတံတားပေါ်ကို တက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့သလို ဧပြီ ၂၂ ရက်မနက်က မင်းလှမြို့နယ် ရန်ကုန်-ပြည်လမ်းရှိ အညာတန်းကြီးရွာက စားသောက်ဆိုင်ကိုရောက်နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့လို့ အဲဒီနေ့မွန်းလွဲပိုင်းမှာပဲ စစ်ကောင်စီတပ်က မင်းလှမြို့နယ် ပဲခူးရိုးမအစပ်က ကျေးရွာတွေကို ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

သတင်း – မောင်ဆွေအင်း၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။