myaelatt athan

Sharing Information to the Local

⁨ပြည်သူပိုင်ပစ္စည်းတွေယူတယ်ဆိုကာ ရွှေဘိုခရိုင်တပ်ရင်း ၄ ကို ဆန္ဒပြ (ရုပ်/သံ)

ရွှေဘို၊ ဧပြီ ၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာနေ ပြည်သူတွေက ဧပြီ ၄ ရက် မွန်းလွဲ ၁၂ နာရီကျော်မှာ ကျေးရွာမှာလုံခြုံရေးအတွက်ရောက်ရှိနေတဲ့ ရွှေဘိုခရိုင် အမှတ် ၄ တပ်ရင်းကို ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တပ်ရင်း ၄ ရွာမှာ စခန်းချနေစဉ်အတွင်း တပ်ရင်း ၄ က ဒေသခံတွေရဲ့ပစ္စည်းတွေကို ယူဆောင်သွားတဲ့အတွက် ရွာထဲမှာဆက်ပြီးမနေဖို့ တရွာလုံးကဆန္ဒပြခဲ့ကြတာလို့ ညောင်ကိုင်းရွာဒေသခံ ဦးဖိုးထူးက ပြောပါတယ်။

“အဲ့ဒီ ရင်း ၄ နဲ့ လူရမ်းကားတစုတွေပေါ့ကွာ။ ရွာရှိတဲ့ပစ္စည်း စက်ပစ္စည်း၊ ထော်လာဂျီ၊ လက်တွန်း၊ ရေစုပ်စက်၊ ဆိုလာပြား၊ မော်တာ၊ နောက်ဆုံးကွာ တို့ရွာက တာဝါတိုင်က ရွာတရွာလုံးမီးသုံးမယ့်ဟာတွေ(မီးစက်)အထိ ခိုးယူသွားတာကို၊ ဓါးပြတိုက်တာကို မကျေနပ်လို့ကွ” လို့ ညောင်ကိုင်းကျေးရွာ ဒေသခံ ဦးဖိုးထူးက ဆိုပါတယ်။

ဒါ့အပြင် ဆန္ဒပြနေချိန်အတွင်း ရွှေဘိုခရိုင်အမှတ် ၄ တပ်ရင်းမှ တပ်ဖွဲ့ဝင်တဦးက ဆန္ဒပြပြည်သူတွေကို သေနတ်နဲ့ချိန်ရွယ်ပြီးခြိမ်းခြောက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“အဲ့ဒီ ရွှေဘိုခရိုင် ရင်း ၄ လို့ခေါ်တဲ့ အမည်မသိ ရဲဘော်တယောက်က ငါ့ရင်ဘတ်ကို သေနတ်နဲ့ ကျည်ထိုးချိန်လို့ကွ၊ ငါ **မြင်ကပ်တာ၊ မုန်းတာ။ အဲ့ဒါကြောင့်မို့ ရင်း ၄ ကို ငါ လုံးဝ လုံးဝ ညောင်ကိုင်းရွာထဲမှာ ဘယ်လိုနည်းနဲ့မှ မနေစေချင်တာ။” လို့ ဆိုပါတယ်။

ဆန္ဒပြပြီးနောက် အဲ့ဒီနေ့ညနေ ၅ နာရီကျော်မှာတော့ ညောင်ကိုင်းကျေးရွာကနေ ရွှေဘိုခရိုင်အမှတ် ၄ တပ်ရင်းက ထွက်ခွာပေးခဲ့တယ်လို့ ဆိုပါတယ်။

ရွာကထွက်ချိန်မှာလည်း ပစ္စည်းတချို့ကိုယူသွားခဲ့ကာ ခုလိုတွေ လုပ်ဆောင်နေတဲ့အပေါ် ကြောက်လန့်ရပြီး ဘယ်အဖွဲ့အစည်းကိုအကူညီတောင်းရမလဲမသိဘူးဖြစ်နေတယ်လို့ ညောင်ကိုင်းဒေသခံ မဖြူက ပြောပါတယ်။

“ထွက်တော့ ထွက်ခွာပေးပါတယ်။ ထွက်ခွာပေးတဲ့အချိန်မှာ ကျမတို့ ညောင်ကိုင်းရွာ ပိုင်ဆိုင်တဲ့ တာဝါတိုင်က စက်ကြီး(မီးစက်)ကိုလည်း သယ်သွားပါတယ်။ ကျမတို့ ဖြစ်နိုင်ရင် အဲ့စက်ကြီးကို ယူချင်ပါတယ်။ ကူညီပေးမယ့်အဖွဲ့အစည်းများရှိရင် ကျမတို့ကဘယ်အဖွဲ့အစည်းကိုလည်း အကူအညီ တောင်းရမှန်းမသိ။ ရွာမှာ စစ်ကောင်စီကိုလည်း ကြောက်ရ ရင်း ၄ ကိုလည်း ကြောက်ရ။ ကျမတို့ အတွက် အကာအကွယ်ပေးမယ့် ဘယ်သူများရှိပါသလဲရှင့်။ အဖွဲ့အစည်းများရှိရင် အကူအညီတောင်းအပ်ပါတယ်ရှင့်။” လို့ ဆိုပါတယ်။

အခုလိုညောင်ကိုင်းကျေးရွာသားတွေ ဆန္ဒပြကြတာနဲ့ပတ်သက်ပြီး ရွှေဘိုခရိုင်အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူတဦးကို မြေလတ်အသံကမေးမြန်းရာမှာတော့ ၎င်းတို့တပ်ရင်းအနေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီ ပကဖ၊ ပအဖတို့နဲ့ စနစ်တကျပူးပေါင်းဆောင်ရွက်ထားတဲ့ကိစ္စဖြစ်တာကို ရွာသားတွေ နားလည်မှုလွဲတာပဲ ဖြစ်လိမ့်မယ်လို့ တုံ့ပြန်ပါတယ်။

အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ညောင်ကိုင်းကျေးရွာမှာ ၄ နှစ်ကျော်ကြာတပ်စွဲနေထိုင်ခဲ့တဲ့ စစ်ကောင်စီ နဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရိက္ခာဖြတ်တောက်မှုကြောင့် အခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်မှာ စခန်းစွန့်ထွက်ပြေးခဲ့ကြပြီး အဲ့ဒီနောက်မှာ ရွှေဘိုခရိုင်အမှတ် ၄ တပ်ရင်းက ကျေးရွာလုံခြုံရေးအတွက် ရွာထဲမှာစခန်းချနေထိုင်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။