မင်းကင်း၊ ဒီဇင်ဘာ ၁၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ဆေးရုံအုပ် CDM ဆရာဝန် ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို မင်းကင်းမြို့နယ် ပလဖက နိုဝင်ဘာ ၃၀ ရက်နေ့လယ်ပိုင်းမှာ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဖြစ်စဥ်ကိုသိရှိတဲ့ ဒေသခံတွေဆီက သိရပါတယ်။
အသက် ၅၃ နှစ်အရွယ် ဒေါက်တာ ဒေါ်ခင်သူသူလွင်ဟာ အာဏာမသိမ်းမီကတည်းက မင်းကင်းမြို့နယ်ဆေးရုံအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးချိန်မှာလည်း CDM ပြုလုပ်ခဲ့ကာ မင်းကင်းမြို့နယ်၊ သင်တောရွာမှာဆေးခန်းဖွင့်ပြီး ဆေးဘက်ဆိုင်ရာအကူအညီတွေပေးနေသူဖြစ်တယ်လို့ ဆိုပါတယ်။
“သူက သင်တောမှာ ဆေးခန်းဖွင့်ထားတာ၊ ဆေးရုံဖွင့်ထားတာ၊ ခွဲစိတ်ခန်း ဘာညာနဲ့၊ သူက ကျနော်တို့ မင်းကင်းရဲ့ နဂိုက ဆေးရုံအုပ်၊ ပြီးတော့ တမြို့နယ်လုံးရဲ့ ဆေးရုံအုပ်ကြီးပေါ့လေ၊ ဒေါက်တာ ခင်သူသူလွင်ပေါ့၊ သူ့ကို မြို့နယ်ကနေမှ အမှုဆင်ပြီး ဖမ်းတဲ့သဘောမျိုးပါ၊ တိုင်တယ်ဆိုပြီးမှ ဖမ်းတာပေါ့။ ဝန်ကြီးဌာနရဲ့ အမိန့်တို့ ဘာတို့တော့ မပါဘူးလို့ပြောတာပဲ။” လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ခွဲစိတ်နေစဉ် ခွဲစိတ်ခန်းအတွင်း ဝင်ရောက်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဒေါက်တာ ဒေါ်ခင်သူသူလွင်ရဲ့ ဆေးရုံမှာလည်း ခွဲစိတ်ရမယ့်လူနာတွေ၊ မွေးလူနာတွေနဲ့ ထပ်ရောက်လာတဲ့ လူနာတွေကတော့ အခက်အခဲကြုံတွေ့နေရတယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
“ဒီဆေးခန်းမှာ ခွဲစိတ်တာတွေ၊ မွေးလူနာတွေ၊ တခြား အရေးပေါ် ထိခိုက်ဒဏ်ရာတွေ သူပဲလုပ်ပေးနေတာလေ၊ ဒီဘက်အခြမ်းက၊ သူမရှိတော့ ဒီဘက်မှာ လူနာတွေ အများကြီးရှိတာပေါ့။” လို့ သူက ပြောပါတယ်။
ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာကို သေချာမသိရသေးဘဲ ဖမ်းဆီးချိန်မှာ ပလဖခေါင်းဆောင်တဦးက ဒေါက်တာ ဒေါ်ခင်သူသူလွင် ဖွင့်လှစ်ထားတဲ့ဆေးခန်းဟာ တရားဝင်မဟုတ်ဘူးလို့ ပြောဆိုသွားတာရှိတယ်လို့ နောက်ထပ်ရွာခံတဦးက ပြောပါတယ်။
“သူတို့ ပလဖက လာဖမ်းတုန်းက၊ သူတို့ ပလဖက ခေါင်းဆောင်တယောက်တော့ ဒီဆေးခန်းဟာ တရားဝင် ဆေးခန်းမဟုတ်ပါဘူးဆိုတဲ့ အကြောင်းအရင်းတွေရော ပြောပြီးတော့ဖမ်းသွားတာပါ။” လို့ သူကပြောပါတယ်။
ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး မင်းကင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ကို မြေလတ်အသံက တယ်လီဖုန်းကနေတဆင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ခေါ်ဆိုလို့မရခဲ့ပါဘူး။
မန္တလေးဇာတိဖြစ်တဲ့ ဒေါက်တာ ဒေါ်ခင်သူသူလွင်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ခဲ့ကာ မင်းကင်းမြို့နယ်အတွင်းမှာ တော်လှန်ရေးလှုပ်ရှားမှုတွေလုပ်နေခဲ့သူဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်ကလည်း မင်းကင်းမြို့နယ်ရှိ တော်လှန်ရေးတပ်တွေဦးစီးလုပ်ကိုင်မယ့် လောင်းပြည့်ရွှေမျောလုပ်ကွက်ကို ဆန္ဒပြရာမှာပါဝင်တဲ့ အုန္နဲဘုတ်တိုက်နယ် ပကဖနဲ့ ပအဖခေါင်းဆောင်တွေအပါ ၃ ဦးကို မင်းကင်းမြို့နယ် တပ်ရင်း ၁ က ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဖြစ်စဥ်ရှိခဲ့ပါသေးတယ်။
စာတည်း – လင်း၊ တည်းဖြတ် – M