ပခုက္ကူ၊ နိုဝင်ဘာ ၂၄၊ ၂၀၂၅။
မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်ကကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို နိုဝင်ဘာ ၂၃ ရက် နေ့လည် ၁ နာရီခွဲမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
မြိုင်မြို့နယ်အပိုင် တဲကြီးရွာကထွက်လာတဲ့ အင်အား ၁၈၀ ပါစစ်ကြောင်းက ပေါက်မြို့နယ်၊ နသတ်ရွာကို လာချိန် အဲ့ဒီရွာ ၂ ရွာအကြားမှာတိုက်ခိုက်ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဗိုလ်လက်ယာက ပြောပါတယ်။
“ပါရာမော်တာနဲ့သေသွားတဲ့ ၂ ကောင်ကိုလာရှာတာမှာ ကျနော်တို့နဲ့ထိတွေ့ မိနစ် ၂၀ လောက်ဖြစ်တယ်၊ တဲကြီးရွာနဲ့ နသတ်ရွာကြားမှာ ထိတွေ့ဖြစ်တာ၊ မျက်မြင် ၄ ဦး လဲကျသေသွားတယ်၊ ရှင်းလင်းမှုတော့ မလုပ်ရသေးဘူး၊ ၁၀ ဦးကျော် ဒဏ်ရာအသီးသီးရတယ်၊ ကျနော်တို့က နေရာအသင့်ယူထားပြီး ပစ်လိုက်ရတာ”လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဗိုလ်လက်ယာက ပြောပါတယ်။
အဲ့ဒီစစ်ကြောင်းမှာ တမခ ၁၀၁၊ ခလရ ၄၁၈ နဲ့ ခလရ ၄၁၉ ကစစ်ကော်မရှင်တပ်သားတွေပါဝင်ပြီး မြိုင်နဲ့ ပေါက်မြို့နယ်အစပ်ရှိ တဲကြီး၊ နသတ်၊ ကံသတ်၊ ကမ္ဘားဖြူ၊ ကျောက်ခွက် စတဲ့ကျေးရွာတွေကို နို၀င်ဘာ ၁၉ ရက်ကစလို့ စစ်ကြောင်းထိုးနေတာလို့လည်း ဗိုလ်လက်ယာက ပြောပါတယ်။
“ဒီကောင်တွေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ပြီး ဆဲဆိုတာတွေလုပ်တယ်၊ အဲ့ဒီနား နသတ်ရွာက အိမ် ၂ လုံးမီးရှို့တယ်၊ နောက်ပြန်ခေါက်သွားကြတယ်၊ သူတို့က ဝင်ခဲ့တဲ့ရွာတွေက နွားတွေ၊ ဝက်တွေ၊ ကြက်တွေ အကုန်သတ်တယ်၊ သူတို့က ကျနော်တို့အဖွဲ့တွေနဲ့ ထိတွေ့ယူတာ မရှိဘူး၊ ဒီကောင်တွေက ရှောင်ရှောင်ထွက်တယ်၊ သူတို့လိုက်ရှာတဲ့ အချိန်နဲ့ ကျနော်တို့ထိတွေ့ဖြစ်ကြတာ၊ ထိတွေ့မှုဖြစ်ပြီး ထမ်းစင်တွေနဲ့ သယ်တာတွေ့ရတယ်” လို့ သူက ဆက်ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ MGY PDF၊ ပေါက် ပကဖ၊ YDF၊ မြိုင်မြို့နယ် LPDF၊ ပုလဲတပ်ရင်းနဲ့မဟာမိတ်တပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ထိတွေ့မှုဖြစ်ချိန် စစ်ကော်မရှင်ဘက်က ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူတွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
တိုက်ခိုက်မှုမဖြစ်ခင် နို၀င်ဘာ ၂၂ ရက် မနက် ၉ နာရီ၀န်းကျင်မှာ ခလရ ၄၁၈ မှ တပ်သား သန့်ဇင်၊ တပ်သား တင်ထွန်းနဲ့ ခလရ ၄၁၉ မှ တပ်သား အောင်မိုး တို့ဟာ MA 1 ၃ လက်၊ ကျည်ဘောက် ၃ ခုနဲ့ ကျည် ၈၇ တောင့်တို့ကိုယူပြီး မြိုင်ပကဖဆီကို ဘက်ပြောင်းလာခဲ့ကြတယ်လို့ ဆိုပါတယ်။
သူတို့ထဲက တပ်သား တင်ထွန်း နဲ့ တပ်သား အောင်မိုး တို့ဟာ မန္တလေးမှာအလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ပေါ်တာဆွဲခံရပြီးနောက် စစ်မှုထမ်းအပတ်စဥ် ၁၁ တက်ရောက်ခဲ့ရကာ တပ်သား သန့်ဇင် ကတော့ ရှမ်းပြည်နယ်၊ တောင်ကြီးမှာအလုပ်လုပ်ကိုင်ရင်း ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းအပတ်စဥ် ၁၂ တက်ရောက်ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။
စစ်သင်တန်းဆင်းပြီးနောက်မှာ ၃ ဦးစလုံးက တပ်မ ၁၀၁ ကိုရောက်ရှိလာပြီး အဲ့ဒီကတဆင့် အမှတ် ၂၁ ကပစကို ဩဂုတ်လပိုင်းမှာရောက်ရှိလာရာက အခုစစ်ကြောင်းထိုးတဲ့အထဲ လိုက်ပါလာခဲ့သူတွေဖြစ်တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။
လက်ရှိမှာ စစ်ကော်မရှင်တပ်တွေက တဲကြီးရွာမှာရှိနေပြီး မြိုင်နဲ့ ပေါက်မြို့နယ်အစပ်ရှိ တဲကြီး၊ နသတ်၊ ကံသတ်၊ ကမ္ဘားဖြူ၊ ကျောက်ခွက်ရွာကဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်ကလည်း ပခုက္ကူမြို့နယ်၊ တပ်မ ၁၀၁ ကနေ ပေါက်မြို့နဲ့ မြိုင်မြို့နယ်အစပ်ကို ဗုံးလာကြဲတဲ့စက်တပ်လေထီး (Paramotor) ၁ စီးကို မြိုင်ပကဖ က ပစ်ချနိုင်ခဲ့ပြီး ယာဉ်ပေါ်ပါ စစ်ကော်မရှင်တပ်သား ၂ ဦး ပျောက်ဆုံးနေခဲ့တာလည်းဖြစ်ပါတယ်။
စာတည်း – လင်း ၊ တည်းဖြတ် – HP