တောင်သာ၊ နိုဝင်ဘာ ၉၊ ၂၀၂၅။
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တမိုက်သားကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့တွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းဆီက သိရပါတယ်။
တောင်သာမြို့နဲ့ ၃ မိုင်အကွာမှာရှိတဲ့ တမိုက်သားကျေးရွာရဲ့ အုပ်ချုပ်ရေးမှူးနေအိမ် ၃ ထပ်တိုက်မှာ အင်အား ၆၀ ခန့်နဲ့အခိုင်အမာတပ်စွဲနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို နိုဝင်ဘာ ၇ ရက် မနက် ၅ နာရီခွဲမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီခွဲကြာမြင့်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
တိုက်ခိုက်မှုတွေကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးတာကို မျက်မြင်တွေ့ရှိခဲ့ကြောင်း သူကပြောဆိုထားပြီး စစ်ကော်မရှင်စခန်းက ဘန်ကာအခိုင်အမာတွေနဲ့တည်ဆောက်ထားတာကြောင့် စခန်းကို မသိမ်းပိုက်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဒဏ်ရာရရှိသူများပြားခဲ့တာကြောင့် ဒဏ်ရာရသူတွေကို ကြာပို့ရွာဆေးရုံကို ပို့ဆောင်ဖို့ မင်းကြိုကျေးရွာဒေသခံ ၅ ဦးကို သေနတ်ပစ်ဖောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
တမိုက်သားကျေးရွာမှာ မြင်းခြံအခြေစိုက် ခမရ ၁၅ နဲ့မြင်းခြံခရိုင်ပျူစောထီးခေါင်းဆောင် သီတာယုမွန်လက်အောက် အမျိုးသမီးတွေအပါပျူစောထီးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းတပ်စွဲနေပြီး ကျေးရွာအဝင်အထွက်နဲ့ မြင်းခြံ-တောင်သာ-ညောင်ဦးကားလမ်းပိုင်းမှာ ဂိတ်ချစစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၅ ရက်ကလည်း တောင်သာမြို့နယ် စစ်ကော်မရှင်တပ်တွေရဲ့ ဂိတ် ၃ ဂိတ်ကို မြင်းခြံခရိုင် အမှတ် ၃တပ်ရင်း တိုက်ခိုက်ခဲ့ရာ ဘန်ကာ ၁၁ လုံး မီးရှို့ဖျက်ဆီးပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ပါသေးတယ်။
တည်းဖြတ် – HP