ပခုက္ကူ၊ အောက်တိုဘာ ၁၆၊ ၂၀၂၅။
မကွေးတိုင်း၊ ပခုက္ကူမြို့ လေယာဉ်ကွင်းဆီကနေ ရိက္ခာယူပြီးပြန်လာတဲ့ စစ်ကော်မရှင်အင်အား ၂၀ ပါ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းခဲ့တယ်လို့ Southern YSO PDF ဆီက သိရပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့လယ် ၁ နာရီ ၂၃ မိနစ်မှာ ပခုက္ကူလေယာဉ်ကွင်းကနေ ရိက္ခာယူပြီးပြန်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ပခုက္ကူလေယာဉ်ကွင်းနဲ့ မြောက်လူးကန်ကြားမှာ ကြားဖြတ်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ကျနော်တို့က အနီးကပ်တိုက်ခိုက်တာ၊ ပွိုင့်တွေလည်း ခွဲထားတယ်၊ ပွိုင့် ၁ ပွိုင့်က သူတို့ရှေ့ပြေးကင်းနဲ့ တွေ့တယ်၊ ရှေ့ပြေးကင်းနဲ့ဆို ဝါးရင်းတုတ်နဲ့ ထွက်ရိုက်လို့ရတယ်၊ ၁၀ တောင် ၁၅ တောင်လောက် ကွာတော့တာ၊ နောက်ကပွိုင့်ကလည်း ပစ်တဲ့သူကပစ်ပါ၊ ရှေ့ပြေးပွိုင့်ကလည်း ပစ်တဲ့သူကပစ်ပါ၊ နောက်ပွိုင့်ကတော့ နည်းနည်းဝေးတယ်၊ မီတာ ၁၀၀ လောက်ဝေးတဲ့အနေအထားပါ၊” လို့ Southern YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်းက ပြောပါတယ်။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုလည်းဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးတာကို မျက်မြင်တွေ့ခဲ့ရကာ ပြန်လည်ပစ်ခတ်မှုတွေရှိတာကြောင့် လက်နက်အားလုံးကိုမကောက်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
“ကျနော်တို့ သေနတ်ကတော့ ၂ လက်ပဲ ကောက်နိုင်တယ်၊ နောက်ပွိုင့် ယာတခင်းကျော်မှာ သေနေတဲ့ကောင်တွေဆီကသေနတ်က ကောက်လို့မရဘူး၊ ကျနော်တို့ ရှေ့မျက်နှာ မီတာ ၃၀၀ အကွာက လေယာဉ်ကွင်းက ပစ်နေတယ်၊ လေယာဉ်ကွင်းက ပွိုင့် 5 တွေ လက်နက်ငယ်တွေနဲ့ ပစ်နေတာ၊ ကျနော်တို့ အလောင်းတွေ မြင်နေရပေမဲ့ လက်နက်ကောက်ခွင့်မသာခဲ့ဘူး၊ ကျနော်တို့ ၂ ခုကြားမှာ ပဲလှော်သလိုလုပ်နေရတာ၊ ရအောင်တော့ ဖောက်ထုတ်ခဲ့တယ်” လို့ သူက ဆက်ပြောပါတယ်။
တိုက်ခိုက်ပြီးနောက် စစ်ကော်မရှင်ဘက်က MA1 ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၅၀ တောင့်၊ အူဇီ ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၄၅ တောင့် တို့ကို သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး လက်ကိုကျည်ဖောက်မှန်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါစစ်ကြောင်းဟာ ပခုက္ကူ ခလရ ၂၅၉၊ တပ်မ ၁၀၁ စစ်ကော်မရှင်တပ်တွေ၊ ပခုက္ကူမြို့မ ရဲစခန်းက ရဲတွေနဲ့ ပြည်သူ့စစ်တွေပါဝင်တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို Southern Yeasgyo တပ်ပေါင်းစု၊ Southern YSO PDF ၊ ဒေါင်းညီနောင်၊ Yesagyo Revolution Group(YRG)၊ ပြည်သူ့အားမာန်PDF၊ King Cobra နဲ့ ဒေါင်းစစ်သည်တွေက လုပ်ဆောင်ခဲ့တာပါ။
စက်တင်ဘာ ၂၂ ရက် မနက် ၁ နာရီခွဲဝန်းကျင်မှာလည်း ပခုက္ကူမြို့၊ ရထားဘူတာအနီး ကွန်ကရစ်ဇလီဖားစက်ရုံမှာတပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းခဲ့ပါသေးတယ်။
စာတည်း – လင်း၊ တည်းဖြတ် – M