မုံရွာ၊ စက်တင်ဘာ ၂၀၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲမှာ သြဂုတ်နဲ့ စက်တင်ဘာလအတွင်း စစ်ကော်မရှင်တပ်တွေကို ၇ ကြိမ်တိုက်ခိုက်ပြီး ၂ ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ရာ စစ်ကော်မရှင်ဘက်ကထိခိုက်သေဆုံးသူတွေများခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
သြဂုတ် ၈ ရက်မှာ မုံရွာနမခကနေ ကျောက္ကာရွာကိုလာတဲ့ အင်အား ၁၅၀ ပါစစ်ကြောင်းကို ၈ ရက်ကနေ သြဂုတ် ၁၁ ရက်ထိ ၄ ရက်ဆက်တိုက်ခိုက်ခဲ့ကြပြီးနောက် စစ်ကြောင်းကပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် သြဂုတ် ၂၀ ရက် မှာအင်အား ၄၀၀ နဲ့ ထပ်မံစစ်ကြောင်းထိုးလာခဲ့ပြီးနောက် ကျောက္ကာရွာ၊ ရွှေဂူနီဘုရားဝန်းထဲမှာ အထိုင်ချတပ်စွဲခဲ့ပြီး အဲ့ဒီနေ့မှာပဲ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီးအပြန်အလှန် ထိတွေ့မှုဖြစ်ခဲ့ကြတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ တာဝန်ခံတဦးက ပြောပါတယ်။
ဒါ့အပြင် အဆိုပါအထိုင်ချနေတဲ့ စစ်ကော်မရှင်တပ်တွေကို စက်တင်ဘာ ၁၂ ရက်မှာ ၁ ကြိမ်၊ စက်တင်ဘာ ၁၆ ရက်မှာ ၁ ကြိမ် ထပ်မံတိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုတွေအားလုံးအတွင်း စစ်ကော်မရှင်တပ်ဘက်က ဆယ်နဲ့ ချီထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို မုံရွာမြို့နယ်ပကဖ အမှတ် ၁၊ ၂၊ ၃၊ ၄၊ ၅ တိုက်နယ်တိုက်ခိုက်ရေးအဖွဲ့၊ မုံရွာမြို့နယ်ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့-Tribal Force တို့အပါအဝင် မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး မြေပြင်တိုက်ခိုက်မှုအပြင် ဒရုန်းတွေနဲ့ပါ ဗုံးသီးချတိုက်ခိုက်ခဲ့ကြတာပါ။
ဒ့ါအပြင် လက်ရှိအချိန်ထိ ကျောက္ကာရွှေဂူနီဘုရားဝန်းအတွင်းမှာ တပ်စွဲနေထိုင်နေပြီး စစ်ကြောင်းထိုးမှုတွေလည်းရှိတာကြောင့် ကျောက္ကာ တောင်ရွာ၊ မြောက်ရွာ၊ ရေနံကုန်းရွာတို့က အိမ်ထောင်စု ၁,၂၀၀ စုလောက် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
တည်းဖြတ် – HP