ဝက်လက်မှာ အသက် ၁၁ နှစ်ကျောင်းသူကို တရွာတည်းနေ LPDF က အဓမ္မပြုကျင့်ခဲ့မှု ပြင်းပြင်း ထန်ထန်အရေးယူဖို့ ဒေသခံတွေတောင်းဆို (ရုပ်/သံ)

0 22
0 22

ဝက်လက်၊ စက်တင်ဘာ ၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာမှာ အသက် ၁၁ နှစ်အရွယ် မိန်းကလေးကို ဒေသကာကွယ်ရေးအဖွဲ့ဝင် (Local PDF)တဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဓမ္မပြုကျင့်ခံရသူဟာ ရွာသာကြီးကျေးရွာနေ အသက် ၁၁ နှစ်အရွယ် မိန်းကလေးဖြစ်ပြီး စက်တင်ဘာ ၅ ရက် မနက် ၉ နာရီခန့်က ကျေးရွာလမ်းမမှာ စက်ဘီးစီးနေစဥ် တရွာတည်းနေ ဒေသကာကွယ်ရေးအဖွဲ့ဝင် LPDF ၁ ဦးက ကျေးရွာစာသင်ကျောင်းအနီး နေအိမ် ၁ ခုကိုခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။

” အဓမ္မပြုကျင့်ချိန်မှာ မိန်းကလေးရဲ့ပါးစပ်ကို လက်နဲ့ပိတ်ထားတာကြောင့် အော်ဟစ်အကူညီတောင်းလို့ မရခဲ့ဘူး။ ပြန်ပြောပြရင်သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံရကြောင်း ပြောဆိုတယ်” လို့ နစ်နာသူရဲ့ပြောဆိုချက်ကို ဝက်လက်မြို့နယ်အမျိုးသမီးနှင့်ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့ဝင် အမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

ရွာသာကြီးကျေးရွာအခြေပြု လင်းမြွေကြီး LPDF အဖွဲ့ဝင် မျိုးကို အသက် ၂၈ နှစ်က အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး အခင်းဖြစ်နေ့မှာပဲ ဝက်လက်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ဖမ်းဆီးခဲ့ကာ စက်တင်ဘာ ၆ ရက်မှာ သက်ငယ်မုဒိန်းမှုနဲ့ အမှုဖွင့်ထားတယ်လို့ ဖြစ်စဉ်ကိုသိထားတဲ့ ဝက်လက်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“ လင်းမြွေ (လင်းမြွေအဖွဲ့ခေါင်းဆောင်) ကတော့ သူ့အဖွဲ့က (ကျူးလွန်သူကို) ထုတ်ထားတယ်ပြောသွားတယ်။ ဖြစ်စဉ်ကျူးလွန်တော့ ယူနီဖောင်းပါတယ် သေနတ်ပါတယ်။ မျက်မြင်ပြည်သူတွေကတော့ရှိတယ်။ လင်းမြွေအဖွဲ့အတွက် စားစရာလာဝယ်ရင်းအပြန်မှာ ကျူးလွန်သွားတာ” လို့ ဆိုပါတယ်။

အဓမ္မပြုကျင့်ခံရသူမှာ ရွာသားကြီးရွာအထက်တန်းကျောင်းမှာ G 5 (ပဉ္စမတန်း) တက်ရောက်နေသူဖြစ်ပြီး စစ်ကော်မရှင်ရဲ့လေကြောင်းအန္တရာယ်ကြောင့် ရွာသာကြီးကျေးရွာ စာသင်ကျောင်းကို ပိတ်ထားချိန်ဖြစ်ကာ လက်ရှိမှာ နစ်နာသူမိန်းကလေးကို စိတ်ကျန်းမာရေးအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုတွေလုပ် ဆောင်ပေးနေတယ်လို့ အထက်ပါကူညီစောင့်ရှောက်ရေးအဖွဲ့ဝင်အမျိုးသမီးက ဆက်ပြောပါတယ်။

စက်တင်ဘာလ ၇ ရက်မှာတော့ အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး သက်ငယ်မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့တဲ့အပေါ် ရွာသာကြီးကျေးရွာနဲ့အနီးတဝိုက် ဒေသခံပြည်သူ ၁၅၀ ကျော်က ကျူးလွန်သူကို ပြင်းထန်တဲ့အပြစ်ပေးအရေးယူမှုတွေ လုပ်ဆောင်ဖို့ ဆန္ဒပြတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတွေဆန္ဒပြစဥ်မှာ LDPF ခေါင်းဆောင် က ကျူးလွန်သူဟာ ၎င်းတို့အဖွဲ့မှ မူလကတည်းက ထုတ်ပယ်ထားသူဖြစ်ကြောင်း ဒေသခံတွေကို ပြောဆိုရှင်းပြနေတာကို ဆန္ဒပြမှုမှတ်တမ်းရုပ်သံမှာ တွေ့မြင်ရပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ လင်းမြွေကြီးLPDFအဖွဲ့ကို မြေလတ်အသံက ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

စာတည်း – ဟိန်းစံ၊ တည်းဖြတ် – M

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။