မကွေး၊ စက်တင်ဘာ ၃၊ ၂၀၂၅။
မကွေးတိုင်း၊ ကမ္မမြို့နဲ့ နတ်မောက်မြို့တို့မှာ စစ်ကော်မရှင်တပ်တွေကို တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ သက်ဆိုင်ရာဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ပခုက္ကူခရိုင်၊ ကမ္မမြို့ပေါ်ကိုကင်းပတ်ပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ RED GIANT အဖွဲ့ဆီက သိရပါတယ်။
စက်တင်ဘာ ၁ ရက် ညနေ ၄ နာရီခန့်မှာ ကမ္မမြို့ပေါ်ကို ကင်းပတ်ပြီးပြန်လာတဲ့ တပ်ဖွဲ့ဝင် ၃၀ ခန့်ကို ရဲစခန်းအဝင်ဂိတ်အရောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ၄၀ မမ ဗုံးသီး ၃ လုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ဗုံးသီးနဲ့တိုက်ခိုက်ခဲ့တာတော့ စခန်းရဲ့အရင်လိုပဲအဝင်ဂိတ်ပေါ့။ အခုလဲဂိတ်ပေါ်ကို တည့်တည့်ကျတာ။ သူတို့ကင်းပတ်ပြီးပြန်လာမှ ဂိတ်မှာဝင်သွားတဲ့သူရော စခန်းထဲဝင်သွားတဲ့လူရော ရှိပါတယ် ထိခိုက်မှုကတော့ဆက်လက်စုံစမ်းနေပါတယ်”လို့ RED GIANT အဖွဲ့မှ ကိုဒေါင်းနီက ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို RED GIANT၊ ဂဠုန်ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်သား ခန့်မှန်းခြေ ၃ ဦးခန့်ထိခိုက်ဒဏ်ရာရသွားတယ်လို့သူက ဆက်ပြောပါတယ်။
ဒါ့အပြင် နတ်မောက်မြို့မှာလည်း ပျူစောထီးခေါင်းဆောင်ခင်မောင်ဌေးဆိုသူ လိုက်ပါလာတဲ့ကားကို ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ People’sDefence Force-Yenangyaung တာဝန်ခံ စံသျှားဆီကသိရပါတယ်။
နတ်မောက်မြို့ကထွက်လာတဲ့ ပိတောက်ငုပ်ရွာက ပျူစောထီးခေါင်းဆောင်နဲ့အပေါင်းအပါ ၁၅ ဦးစီးနင်းလာတဲ့ အန်စာတုံးကားကို စက်တင်ဘာ ၂ ရက် မနက် ၈ နာရီဝန်းကျင်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက နတ်မောက်မြို့နဲ့ တမိုင်ခန့်အကွာ နတ်မောက်ရွာမွန်လမ်းတနေရာတွင် မိုင်းဆွဲတာ သေနတ်နဲ့ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ People’sDefence Force-Yenangyaung တာဝန်ခံ ကဆိုပါတယ်။
“မိုင်းအရင်ဆွဲတာပါ နတ်မောက်မြို့ကနေအထွက် နတ်မောက်ရွာမွန်လမ်းပေါ် နတ်မောက်မြို့နဲ့တမိုင်ခန့်အကွာမှာ မိုင်းဆွဲတာပါ ပြီးတော့သေနတ်နဲ့ပစ်ခတ်ခဲ့တာပါ “လို့တာဝန်ခံကဆိုပါတယ်။
ပစ်ခတ်တိုက်ခိုက်မှု မိနစ်၂၀ ခန့်ဖြစ်ပွါးခဲ့ပြီးပစ်ခတ်နေစဉ်အတွင်းမှာပဲ နတ်မောက်မြို့ပေါ်က အင်အား ၃၀ ခန့်ပါ ဖောကား ၁ စီး စစ်ကူလာရောက်ခဲ့လို့ ကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်းမှာ ပျူစောထီး တပ်ဖွဲ့ဝင် ၃ ဦးသေကာ ၅ ဦးဒဏ်ရာရတာကို မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရသိခဲ့ရတယ်လို့လည်းဆိုပါတယ်။
“အဓိက ကတော့ နတ်မောက်မြို့ကနေ ပိတောက်ငုပ်ပျူရွာကို သွားတာပါဗျ။ ပျူခေါင်းဆောင်က လက်ရှိထိတော့ မသေသေးဘူး ဆေးရုံမှာဆေးကုသမှုခံယူနေပါတယ်ဗျ။ သူတို့ကပုံမှန်ကူးနေကြပါ။ ကနေ့မနက်မှ ကြိုတင်သတင်းရလို့ စောင့်ဆိုင်းပြီး သွားပြီးတော့လုပ်ဆောင်ခဲ့တာပါဗျ”လို့ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို People’s Defence Force-Yenangyaung၊ သရက်ခရိုင်တပ်ရင်း ၃ တပ်ခွဲ(၁)၊ Chauk Revolution Army(CRA)၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(မင်းဘူးမြို့နယ်)၊ Yenantha Column နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နတ်မောက် )၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (အင်တောတိုက်နယ်) တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တည်းဖြတ် – HP