ပုလဲ၊ လက်ပုကန်ရွာက ပြည်သူပိုင်ပစ္စည်းတွေကို စစ်ကော်မရှင်တပ်နဲ့ပျူစောထီးတွေပေါင်းပြီး သယ်ယူနေ (ရုပ်/သံ)

0 30
0 30

ဒိန်းဂျား၊ ဟယ်သာ

ပုလဲ၊ ဩဂုတ် ၂၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ လက်ပုကန်ကျေးရွာကို စစ်ကော်မရှင်တပ်ကဝင်ရောက်ကာ ဒေသခံတွေရဲ့ ပစ္စည်းတွေသယ်ယူနေပြီး လက်နက်ကြီးတွေနဲ့လည်းရွာနဲ့အနီးတဝိုက်ကို ပစ်ခတ်နေတာကြောင့် ထိခိုက်၊ သေဆုံးမှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၂၄ ရက် မနေ့ကမနက် ၁၀ နာရီလောက်မှာ လက်ပုကန်ကျေးရွာကိုဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်က ၆၀ မမ လက်နက်ကြီးနဲ့ပစ်ခတ်ချိန် ကြောင်သန်းရွာကို ကျရောက်ပေါက်ကွဲတာကြောင့် ကလေးမွေးထားခါစ အသက် ၂၇ နှစ်အရွယ် ရွာခံအမျိုးသမီးသွေးလန့်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“သားဖွားထားတာက လပိုင်းဆိုတော့ သွေးနုသားနုဆိုတော့ စစ်ဘေးရှောင်ရလို့ စိတ္တဇ အပိုင်းတွေ လည်းပါမှာ၊ သွေးလန့်ပြီးတော့ ဆုံးသွားတာ၊ ကလေးက ၁ လပြည့်ဖို့ ၂ ရက်ပဲလိုတော့တာ” လို့ ကြောင်သန်းရွာ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

ဒ့ါအပြင်လက်နက်ကြီးထိမှန်ပြီး ကြောင်သန်းရွာက နေအိမ် ၂ လုံးနဲ့ နွားတဲ ၁ ခုပျက်စီးပြီး နွား ၁ ကောင်လည်းသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကြောင်သန်းရွာဟာ အိမ်ခြေ ၆၅၀ နဲ့ လူဦးရေ ၂,၀၀၀ ကျော်ရှိပြီး ခုလိုလက်နက်ကြီးနဲ့ တိုက်ခိုက်ခံရတာကြောင့် ဒေသခံတွေလည်းတိမ်းရှောင်နေကြတယ်လို့ အထက်ပါစစ်ဘေးရှောင်တဦးက ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ သြဂုတ် ၂၀ ရက်ကစတင်ကာ မင်းတိုင်ပင်ကျေးရွာက အိမ်ခြေ ၆၀ ရာခိုင်နှုန်းနဲ့ အိုင်မရွာကနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် သြဂုတ် ၂၄ ရက်မနက်ပိုင်းမှာ လက်ပုကန်ရွာကိုရောက်ရှိလာပြီး ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းမှာ ညအိပ်တပ်စွဲနေခဲ့ပြီးနောက် သြဂုတ် ၂၅ ရက် ဒီမနက်ပိုင်းမှာတော့ ရွာရှိ ဒေသခံနေအိမ်တွေက ပစ္စည်းတွေကို ဇီးဖြူကုန်းရွာဘက်ဆီသယ်ယူနေတာလို့ နောက်ထပ် ဒေသခံတဦးကပြောပါတယ်။

“မနေ့ညတုန်းက လက်ပုကန် ဘုန်းကြီးကျောင်းနဲ့ စာသင်ကြောင်းမှာအိပ်တယ်၊ လက်ပုကန်ရောက် အင်အားက ၂၀၀ ကျော်တယ်၊ အင်မထီးကနေလှည်းတွေ လူတွေအများကြီးလာသယ်တယ်လို့ပဲသိရတာ လှည်းတွေနဲ့သယ်နေတုန်းမှာပဲ ကျန်တဲ့တစ်ကြောင်းကကျ ကြောင်သန်းရွာကို သွားတယ် အခု ကြောင်သန်းရွာမှာပါပဲ “လို့ ဒေသခံတဦးကဆိုပါတယ်။

ဇွန် ၁၉ ရက်မှာ ကန့်ဒေါင့်ရွာရဲစခန်းကို တော်လှန်ရေးတပ်တွေစတင်သိမ်းပိုက်ခဲ့စဥ်ကတည်းက အင်မထီးရွာထဲမှာ စစ်ကော်မရှင်တပ်က စုစုပေါင်းအင်အား ၃၀၀ ခန့်တပ်စွဲထားခဲ့ပြီးနောက်မှာ ကန့်ဒေါင့်ရွာအနီးနားက မင်းတိုင်ပင်၊ မဲဇရပ်ရွာ၊ ဦးနှောက်၊ ချောင်းနား၊ နှောရိုးစတဲ့ ကျေးရွာတွေကို စစ်ကြောင်းတွေ ခွဲထိုးနေကြပြီး ပြည်သူတွေနေအိမ်ဆီက ပစ္စည်းတွေယူဆောင်နေခဲ့ကြတာလို့ သိရပါတယ်။

ဒ့ါအပြင် စစ်ကော်မရှင်စစ်ကြောင်းတွေကြောင့် မင်းတိုင်ပင်၊ လက်ပုကန်၊ နှောကန်၊ နှောရိုး၊ ကျောက်ဖျာကန်၊ မြေနီကုန်း၊ ငှက်ပျောတော၊ စပါးစေ့၊ မန်ကျည်းကုန်း၊ အိုးဘို၊ အိုင်းမ၊ သရက်ချောင်းနား၊ သပြေကုန်း၊ ညောင်ပင်စု၊ ကုန်းကိုင်း၊ ကုက္ကိုလ်ကုန်း စတဲ့ကျေးရွာတွေက ဒေသခံ ၈,၀၀၀ ကျော်နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့လည်း သိရပါတယ်။

စာတည်း – လင်း၊ တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။