မြေလတ်အသံ၊ ဇန်နဝါရီ ၁၄၊ ၂၀၂၆။
ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းအစပ်ဒေသတွေမှာ ၂၀၂၅ တနှစ်တာအတွင်း စစ်သုံ့ပန်း ၆၃ ဦးနဲ့ လက်နက်ခဲယမ်းအများအပြား ရမိသိမ်းဆည်းနိုင်ခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု – PRA (Magway) က ဇန်နဝါရီ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းနဲ့ ရခိုင်-မကွေးနယ်ခြားနေရာတွေမှာ စခန်းသိမ်းတိုက်ပွဲနဲ့ ထိတွေ့တိုက်ပွဲ ၂၆ ကြိမ် ဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲတွေကနေ လူနဲ့လက်နက်တွေဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။


” ကျနော်တို့မှာစစ်ရေးဖော်ဆောင်မှုအရ ၂၆ ကြိမ်ပဲဖော်ဆောင်နိုင်ခဲ့တာ အားနည်းချက်ဖြစ်သလိုမျိုး မြို့ပြစစ်ဆင်ရေးတွေ၊ စခန်းသိမ်းစစ်ဆင်ရေးတွေ အများအစားမလုပ်နိုင်ခဲ့တာလည်း ကျနော်တို့တွေအားနည်းချက်ဖြစ်ပါတယ်။ တနှစ်ထက်တနှစ် ကျနော်တို့တပ်မှာ ပူးပေါင်းပြီးတော့ဝင်ရောက်လာတဲ့ ရဲဘော်အသစ်အင်အား နည်းပါးလာတာကလည်း ကျနော်တို့ရဲ့စုဆောင်းရေးပိုင်းမှာ အားနည်းချက်ဖြစ်ခဲ့တယ်” လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု- PRA (Mag way) ဥက္ကဌ ကိုနေမွန်က မြေလတ်အသံကို ပြောပါတယ်။
တိုက်ပွဲတွေအတွင်း အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် (တမခ ၉၉) နဲ့ အမှတ် ၁၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၇) လက်အောက်ခံ ဗိုလ်ကြီးအဆင့် ၂ ဦးအပါ စစ်ကော်မရှင်တပ်သား ၆၃ ဦး ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။


ဒါ့အပြင် လက်နက်ချဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကော်မရှင်တပ်သား ၄ ဦးကိုလည်း ၎င်းတို့ မိသားစုတွေရှိတဲ့နေရပ်ဒေသတွေဆီ ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
၁ နှစ်တာတိုက်ပွဲတွေအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံးနိုင်ခဲ့ပြီး ၎င်းတို့ထံက ၆၀ မမ ဘီအေ ၁၀၀ စိန်ပြောင်း ၁ လက်၊ MA 2 သေနတ် ၃ လက်၊ MA 3 သေနတ် ၁၃ လက်၊ MA 1 သေနတ် ၁၁ လက်၊ MA 5 ပစ္စတို ၂ လက်၊ ၅.၅၆ မမ ကျည် ၁၈၀၀ တောင့်၊ ကျည်ဘောက် ၅၅ ခု ၊ ၆၀ မမ ဗုံးသီး ၁၃ လုံး၊ အီနာဂါဗုံးသီး ၃၀ လုံး၊ ၄၀ မမ ဗုံးသီး ၂၂ လုံး၊ ၇.၆၂ မမ ကျည် ၁၀၀၀ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။


ဒါ့အပြင် တိုက်ပွဲတွေမှာ PRA (Magway)မှ တပ်ဖွဲ့ဝင် ၃ ဦးကျဆုံး၊ ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကျဆုံးတပ်ဖွဲ့ဝင်ရဲ့မိသားစုတွေကို ထောက်ပံ့မှုတချို့ဆောင်ရွက်ပေးထားပြီး တော်လှန်ရေးအလွန်ကာလတွေမှာ ကျဆုံးတပ်ဖွဲ့ဝင်တွေအတွက်အထောက်အပံ့ဖြစ်စေမယ့် လူမှုဖူလုံရေးအစီအစဉ်တွေကို ဖော်ဆောင်နိုင်ဖို့လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
၂၀၂၅ ဖေဖော်ဝါရီကနေစတင်ကာ အာရက္ခတပ်တော် AA က အမ်း-ပဒါန်းလမ်းပိုင်းရှိ စစ်ကော်မရှင်တပ်ရဲ့နတ်ရေကန်ဗျူဟာကုန်းနဲ့ အနီးတဝိုက်ကာကင်းစခန်းတွေမှာ စတင်ထိုးစစ်ဆင်ခဲ့ပေမယ့် မတ်လအတွင်းဖြစ်ပွားခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့် ထိုးစစ်တွေ ယာယီရပ်နားခဲ့ပါတယ်။


အဲ့ဒီနောက် စက်တင်ဘာလမှာ နတ်ရေကန်ဗျူဟာကုန်းကာကင်း စွန်တက်ရွာစခန်းနဲ့ ဂုတ်ကြီးရွာစခန်းတွေမှာ တိုက်ပွဲတွေပြန်လည်ပြင်းထန်ခဲ့ပြီး နတ်ရေကန်ပင်မဗျူဟာကုန်းစခန်းအထိ ဆက်လက်ထိုးစစ်ဆင်ခဲ့တာကြောင့် နှစ်ကုန်ပိုင်းအထိ တိုက်ပွဲတွေဆက်လက်ပြင်းထန်ခဲ့တာပါ။
ရခိုင်-မကွေးအစပ်က တိုက်ပွဲတွေမှာ PRA(Magway) အနေနဲ့ မဟာမိတ်တပ်တွေဖြစ်တဲ့ အာရက္ခတပ်တော် AA၊ ကျောင်းသားတပ်ဦး/တပ်တော်(SF/SAF)၊ PIO/PIA တပ်ဖွဲ့တွေနဲ့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။











