တောင်တွင်းကြီး၊ စက်တင်ဘာ ၁၄၊ ၂၀၂၆။
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပရပ်ကြယ်ကျေးရွာအနီးမှာ နယ်မြေခံရဲ့တပ်ဖွဲ့ လှည့်ကင်းထွက်လာစဉ် ခြုံခိုတိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံးတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
စက်တင်ဘာလ ၁၃ ရက်နေ့ မနက် ၇ နာရီခန့်က ပရပ်ကြယ်ရဲစခန်းကနေ ရဲအင်အား ၅ ဦးနဲ့ ထွက်လာတဲ့အဖွဲ့ကို ဘယုန်ချောင်းတံတားအနီး အရောက်မှာ စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“သူတို့က ပရပ်ကြယ်ရဲစခန်းကနေ ကင်းချိန်းဖို့လား ဆက်ကြေးကောက်ဖို့လားမသိဘူး ထွက်လာတာ။ ကလေး(PDF)တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာ။ ကင်းချိန်းတာ ဖြစ်နိုင်လောက်တယ်။ ပစ်ခတ်မှုကတော့ သိပ်မကြာလိုက်ပါဘူး”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
အဆိုပါ ပစ်ခတ်မှုအပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး သေနတ်တလက်ကိုလည်း သိမ်းဆည်းရမိထားတယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် ရဲစခန်းထဲက ရဲနဲ့တပ်အင်အား ၃၀ ခန့်ဟာ အနီးအနားကျေးရွာတွေက နေအိမ်တွေကို ဝင်ရှောက်ရှာဖွေတာမျိုးတွေရှိခဲ့ပေမယ့် ဒေသခံတွေ တိမ်းရှောင်ကြတာမျိုးမရှိဘူးလို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့တွေဘက်က အသေးစိတ် ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်နေ့ကလည်း တောင်တွင်းကြီးမြို့နယ်၊ ပရပ်ကြယ်ကျေးရွာနဲ့ ဆပ်သွားကျေးရွာကြားမှာ စစ်ကား ၂ ဥဦးမိုင်းဆွဲခံရလို့ စစ်တပ်ဘက် ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ သိရပါတယ်။