မြေလတ်အသံ၊ ဇူလိုင် ၂၈၊ ၂၀၂၅။
ဒရုန်းနဲ့ဗုံးချဖို့ Controller Screen ကြည့်ပြီး နေရာရှာနေတဲ့ စစ်တက္ကသိုလ်ဘက်တံဆိပ်ပါ စစ်ကောင်စီတပ်သား ၁ ဦးနဲ့ အမြောက်တပ်ဖွဲ့ဘက်တံဆိပ်ပါ ဗိုလ်ကြီး ၁ ဦးရဲ့ အနောက်မှာ ဒုတိယဗိုလ်ချုပ်ကြီး ၁ ဦး ကြပ်မတ်ကွပ်ကဲနေတဲ့ဓာတ်ပုံဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း လူမှုကွန်ယက်မှာပျံ့နှံ့လာခဲ့ပြီး စစ်တပ်ထောက်ခံသူတွေအကြားမှာလည်း တခုတ်တရ ချီးကျူးရေးသားဖော်ပြနေကြပါတယ်။
ဓာတ်ပုံပါဗိုလ်ချုပ်ကြီးဟာ စစ်ကောင်စီတပ်ရဲ့အဆင့်မြင့်ဆုံးဌာနချုပ်ဖြစ်တဲ့ နေပြည်တော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ဆင်ရေးဌာန၊ အမှတ် ၂ စစ်ဆင်ရေးအထူးအဖွဲ့(ကစထ ၂)မှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး ပါ ။
ကြည်းတပ် စစ်အင်္ဂါစဥ်အရ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှာ စစ်ခေါင်းဆောင် ၂ ဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)လို့ခေါ်တဲ့ ညှိ/ကွပ်နဲ့ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ရာထူးတွေပြီးရင် ကစထမှူးတွေဟာ ကြည်းတပ်နံပါတ် ၅ ဒုတိယဗိုလ်ချုပ်ကြီးတွေပါ။ နေပြည်တော် စစ်ရုံးချုပ်မှာ ကစထ ၁ ကနေ ၆ အထိ ရှိပြီး နိုင်ငံတဝှမ်းက စစ်တိုင်း ၁၄ ခုကို ကစထ ၆ ခု က ခွဲပြီး ကွပ်ကဲတာဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး ဟာ စစ်တက္ကသိုလ်အပတ်စဥ် ၃၅ က ဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးပထမလှိုင်းကာလ၊ လောက်ကိုင်ဒေသအပါ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ နယ်အများအပြားကို လက်လွှတ်ရချိန်မှာ ရှမ်းမြောက်ကိုတာဝန်ယူရတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ရဲ့ စစ်ရှုံးတိုင်းမှူးပါ။ အဲ့ဒီလို ရှမ်းမြောက်မှာ စစ်ရှုံးခဲ့ပေမယ့် သူ့ကို စစ်ခေါင်းဆောင်က ၂၀၂၄ ဖေဖော်ဝါရီလမှာ ကစထမှူးအဖြစ် ရာထူးတိုးပေးပြီး နေပြည်တော်ကို ခေါ်ဆောင်ခဲ့တာပါ။
ပြီးခဲ့တဲ့ဇူလိုင်တတိယအပတ်ထဲမှာ တအာဝ်းအမျိုးသားလွတ်မြောက်ရေးတပ်- TNLA ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက ပြန်လည်သိမ်းယူနိုင်ခဲ့ပြီးနောက် တောင်ခမ်းမှသည် နောင်ချိုမြို့အထိ ကစထမှူးဦးစီးပြီး အနီးကပ်တိုက်ပွဲဝင်ခဲ့တာကြောင့် ရယူခဲ့နိုင်တာဖြစ်ကြောင်း စစ်တပ်ထောက်ခံသူတွေအကြား ဝေဝေဆာဆာ အောင်ပွဲခံရေးသားရာမှာ အဲ့ဒီဓာတ်ပုံကို အမြဲလိုတွဲဖက် ဖော်ပြကြတာပါ။
အမှတ် ၂ စစ်ဆင်ရေးအထူးအဖွဲ့(ကစထ ၂)ဟာ ရှမ်းပြည်နယ်အတွင်း တိုင်းစစ်ဌာနချုပ် ၄ ခု ဖြစ်တဲ့ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)၊ တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ)၊ ကျိုင်းတုံအခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်(တသခ)နဲ့ ခိုလမ်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(ရလခ) နယ်မြေစစ်ဆင်ရေးတွေကို တိုင်းမှူးတွေရဲ့ အထက်ကနေကွပ်ကဲရတာဖြစ်ပြီး လိုအပ်ချက်အရ နေပြည်တော်က ကစထမှူးတွေဟာ အနီးဆုံးတိုင်းစစ်ဌာနချုပ်ကိုလာရောက်ပြီး စစ်ဆင်ရေးတွေကို ညွှန်ကြားလေ့ရှိပေမယ့် စစ်မြေပြင်အထိဆင်းပြီး ကွပ်ကဲမှုတွေလုပ်ဆောင်တာ စစ်ကောင်စီသက်တမ်းတလျှောက် မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၄ အတွင်း ကရင်ပြည်နယ်စစ်ဆင်ရေးတွေမှာ အောင်ဇေယျစစ်ကြောင်း စတင်ထိုးစစ်ဆင်ချိန် ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်တိုင် ဦးစီးတယ်လို့ပြောဆိုချက်တွေရှိပေမယ့် မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)မှာသာ ကစထ ၄ မှူး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနဲ့အတူ ရက်အနည်းငယ်နေထိုင်ကွပ်ကဲသွားတာလောက်ကိုသာ စစ်ကောင်စီသတင်းရုပ်သံတွေမှာ တွေ့ရပါတယ်။
အလားတူ နွေဦးတော်လှန်ရေးအစောပိုင်း ၂၀၂၁ နှစ်ကုန်နဲ့ ၂၀၂၂ ကာလတွေမှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နယ်မြေ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို နှိမ်နင်းဖို့ဆိုကာ အလောင်းမင်းတရားစစ်ဆင်ရေးအမည်နဲ့ မြေပြင်အင်အားအများအပြားသုံးပြီး တိုက်ခိုက်ရာမှာ အဲ့ဒီကာလက ကစထ ၆ မှူးနဲ့ ရဲချုပ်တာဝန်ယူထားသူ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်က မုံရွာ(နမခ)ကနေ ကွပ်ကဲခဲ့တာဖြစ်ပါတယ်။ စစ်ဆင်ရေးတွေမအောင်မြင်တာကြောင့် ၂၀၂၂ ထဲမှာပဲ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် ကို စစ်ကောင်စီက အနားပေးခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း လားရှိုးရမခနဲ့အတူ ရှမ်းမြောက်ဒေသအများစုကို ညီနောင်မဟာမိတ် MNDAA နဲ့ TNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက်ပိုင်း ပြင်ဦးလွင်မြို့အနီးအထိ တိုက်ပွဲတွေရောက်ရှိလာခဲ့လို့ ပြင်ဦးလွင်နဲ့ နောင်ချိုအကြား တောင်ခမ်းဒေသမှာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဆက်လက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလနောက်ဆုံးအပတ်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ လားရှိုးမြို့ကို တရုတ်အကူအညီနဲ့ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ စစ်ကောင်စီတပ်က ၎င်းတို့ရဲ့ဒုတိယခြေလှမ်းအဖြစ် တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့မြို့တွေအနက် ရမခနယ်မြေရဲ့ အစွန်ဖျားဆုံးမြို့ဖြစ်တဲ့ နောင်ချိုကိုပြန်ရဖို့ ကစထမှူးကို ဦးစီးခိုင်းပြီး အပြင်းအထန် ထိုးစစ်ဆင်စေခဲ့တာပါ။
အဲ့ဒီရက်သတ္တပတ်ထဲမှာပဲ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး ဦးစီးတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရောက်လာပြီး တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို အဆင့်/ရာထူးတွေ တိုးမြှင့်ပေးခဲ့ပါတယ်။
ကစထ ၂ လက်အောက် ရပခ စစ်ဆင်ရေးနယ်မြေဖြစ်တဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးဗြဲမြို့ကိုလည်း စစ်ကောင်စီတပ်က နောင်ချိုမြို့နဲ့ရှေ့ဆင့်နောက်ဆင့် ထိန်းချုပ်နိုင်ခဲ့ပြီး မိုးဗြဲမြို့ကို ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး ဇူလိုင်တတိယအပတ်ထဲမှာသွားရောက်ခဲ့ကြောင်း စစ်ကောင်စီသတင်းရုပ်သံတွေမှာ ဖော်ပြထားတာတွေ့ရပေမယ့် မိုးဗြဲတိုက်ပွဲတွေကို နောင်ချိုလိုတော့ အနီးကပ်ကွပ်ကဲခဲ့ဟန် မတူပါဘူး။
နောင်ချိုမြို့ဟာ စစ်တပ်မြို့လို့ခေါ်ဆိုရတဲ့အထိ စစ်ကောင်စီတပ်ရင်းနဲ့အင်အားအများအပြားရှိတဲ့ ပြင်ဦးလွင်မြိုနဲ့ ကပ်လျက်တည်ရှိနေတာဖြစ်သလို ပြင်ဦးလွင်မြို့ဟာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) လက်အောက်မှာ ရှိတာကြောင့် လပခနဲ့ ရမခ ထိစပ်နေတဲ့မြို့နယ်တွေလည်း ဖြစ်ပါတယ်။
စစ်တက္ကသိုလ် ၂ ခု၊ အခြားလေ့ကျင့်ရေးသင်တန်းကျောင်းနဲ့ တပ်ရင်း/တပ်ဖွဲ့အများအပြား အခြေစိုက်ထားတဲ့ ပြင်ဦးလွင်မှာ တပ်နယ်မှူးတာဝန်ကို စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးက တွဲဖက်ယူထားပြီး စစ်တက္ကသိုလ် ဒုကျောင်းအုပ်ကြီး၊ စစ်နည်းပညာတက္ကသိုလ်(တနတ)ကျောင်းအုပ်ကြီး၊ အမှတ် ၁ ကုတင် ၇၀၀ စစ်ဆေးရုံအုပ် စတဲ့ ဗိုလ်မှူးချုပ်အဆင့်တွေအပါ စစ်အင်အားအများအပြားကိုကွပ်ကဲရကာ တပ်နယ်မှူးက လပခတိုင်းမှူးနဲ့တန်းတူ ဗိုလ်ချုပ်အဆင့်ပါ။
အဲ့ဒီလို စစ်အင်အားသောင်းချီရှိပြီး လက်နက်၊ခဲယမ်းတောင့်တင်းတဲ့အပြင် မြေပြင်၊ဝေဟင်ကနေပါ စစ်ကူ၊ ပစ်ကူပေးနိုင်တဲ့ ပြင်ဦးလွင်မြို့ကိုနောက်ခံထားကာ နောင်ချိုဒေသကို ပြန်လည်တိုက်ခိုက်ရတာဟာ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးအတွက် သက်တောင့်သက်သာရှိခဲ့ပြီး အုပ်ချုပ်ထောက်ပံ့မှုကောင်းကောင်းမွန်မွန်ရခဲ့ပါတယ်။
ဒါ့ကြောင့်လည်း နောင်ချိုမြို့ကို ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ကြောင်း CDM တပ်မတော်သားတွေက သုံးသပ်ပါတယ်။
ဒါပေမယ့်စစ်ကောင်စီ နောက်ထပ်ကျရှုံးထားတဲ့တိုင်းစစ်ဌာနချုပ်တခုဖြစ်တဲ့ အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)နဲ့ ရခိုင်စစ်မျက်နှာမှာတော့ စစ်ခေါင်းဆောင်တွေကို မတွေ့ရဘဲ ငြိမ်သက်နေပါတယ်။
အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)နဲ့ ရခိုင်ပြည်နယ်က စစ်ဆင်ရေးတွေကို အမှတ် ၃ စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ ၃) က တာဝန်ယူရကာ ကစထမှူးက ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော် ပါ။ ကစထ ၃ က အမ်း နပခ နဲ့ ပဲခူးတိုင်း၊ တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တပခ ကို ကွပ်ကဲရတာပါ။
နပခတိုင်းစစ်ဌာနချုပ်နဲ့ အမ်းမြို့ပေါ်တပ်ရင်းအားလုံးကို အာရက္ခတပ်တော်-AA က ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အဲ့ဒီနပခကိုသိမ်းပိုက်ခဲ့တဲ့တိုက်ပွဲတွေမှာ နပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းအပါ စစ်ကောင်စီတပ်အရာရှိကြီးအများအပြား စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။
လက်ရှိရခိုင်ပြည်နယ်မှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)အခြေစိုက်ထားတဲ့ စစ်တွေ၊ တရုတ်စီမံကိန်းတွေနဲ့ ရေတပ်စခန်းဌာနချုပ်တည်ရှိတဲ့ ကျောက်ဖြူနဲ့မာန်အောင်မြို့တွေကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး ကျောက်ဖြူမြို့နဲ့ ဓညဝတီရေတပ်စခန်းတွေအနီးမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေတာပါ။
နပခတိုင်းစစ်ဌာနချုပ်ကျရှုံးခဲ့တာအပြင် ရခိုင်ပြည်နယ် မြို့ ၃ ခုသာ ထိန်းချုပ်နိုင်တော့တဲ့ စစ်ကောင်စီဟာ နပခ ကျရှုံးပြီး ၇ လကျော်ကြာလာတဲ့အထိ ရခိုင်ပြည်နယ်စစ်ဆင်ရေးတွေမှာ ပြန်လည်ခေါင်းထောင်လာနိုင်တာမျိုးမရှိပါဘူး။
ဒါ့အပြင် ရခိုင်ပြည်နယ်ကိုဝင်တဲ့ ပန်းတောင်း-တောင်ကုတ်လမ်းနဲ့ အမ်း-ပဒါန်းလမ်းပိုင်းတွေမှာ ရခိုင်နဲ့ ပဲခူးတိုင်း၊ မကွေးတိုင်းအစပ် စစ်ကောင်စီစခန်းတွေကို အာရက္ခတပ်တော်-AA က သိမ်းပိုက်ထားတဲ့အပြင် ပန်းတောင်းနယ်နဲ့ ငဖဲနယ်အတွင်းက စစ်ကောင်စီစခန်းတွေကို ဆက်လက်တိုက်ခိုက်နေတာကြောင့် အဲ့ဒီနယ်မြေတွေအထိ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
ရခိုင်ပြည်နယ်ရဲ့လက်ကျန် ၃ မြို့ထဲက စစ်တွေမြို့ဟာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) တည်ရှိတဲ့ စစ်တပ်တပ်ရင်းတွေအများဆုံးကျန်ရှိတဲ့မြို့ဖြစ်ပြီး စစ်ခေါင်းဆောင်တွေက အဲ့ဒီစစ်တွေမြို့ကနေ ကစထမှူးတဦး ဦးစီးပြီး ရခိုင်ပြည်နယ်ကို ပြန်လည်ထိုးစစ်ဆင်လာမလား စောင့်ကြည့်ရမှာပါ။
ရမခနဲ့ ရှမ်းမြောက်ဒေသကို ကျရှုံးခဲ့သလိုမျိုး နပခနဲ့ရခိုင်ပြည်နယ်ကို ကျရှုံးနေတဲ့စစ်ကောင်စီတပ်က ခေါင်းဆောင်တွေဟာ ရခိုင်ပြည်နယ်ကိုတော့ သက်ဆိုင်ရာ ကစထမှူးအပါ တခြားစစ်ခေါင်းဆောင်တွေနဲ့ လက်ရှိအထိ ပြန်လည်ဦးဆောင်တိုက်ခိုက်လာတာမျိုး မတွေ့ရတဲ့အပေါ် ရခိုင်ပြည်နယ်စစ်ဆင်ရေးတွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော်က အခုလိုပြောပါတယ်။
“ နောင်ချိုက ပြင်ဦးလွင်အခံနဲ့ ပြန်တိုက်တာဆိုတော့ သူတို့နယ်မြေအရ အသာစီးရနေသေးတာကြောင့် အောက်ခြေကိုလည်း မိုတီ (စိတ်ဓာတ်မြှင့်ပေး) ပေးတဲ့အနေနဲ့ နိုင်နိုင်ဦးကို ထုတ်သုံးပြီး တိုက်တာပေါ့။ သာမန်အခြေအနေမှာတောင် ရခိုင်ကို ကစထမှူးက လာခဲတယ်။ ရခိုင်မှာတိုက်ပွဲတွေမဖြစ်ခင် မင်းအောင်လှိုင် ခရီးစဥ်လောက်ရှိမှ လာတာ။ အခုလို အခြေအနေမှာ ကစထမှူးဆင်းတိုက်ခိုင်းလို့ သူပါ အဖမ်းခံရတာ ဖြစ်ဖြစ်၊ သေတာဖြစ်ဖြစ်ဆို ဗိုလ်ချုပ်ကြီးအဆင့်အထိ စံချိန်တင်သွားရင် ၂ ခါအရှက်ကွဲမှာစိုးလို့” လို့ သူက သုံးသပ်ပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ရဲ့လက်ရှိ ပထဝီမြေပြင်အခြေအနေအရရော စစ်ရေးအခြေအနေအရပါ လက်ကျန်မြို့တွေ ဆက်လက်မဆုံးရှုံးစေရေးကိုသာ အာရုံစိုက်နေရပြီး ထိုးစစ်ပြန်လည်စတင်နိုင်မယ့် အခြေအနေမရှိဘူးလို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
၂၀၂၃ အောက်တိုဘာလက စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ရှမ်းမြောက်၊ မန္တလေးနဲ့ ရခိုင်ဒေသတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရဲ့ စစ်တိုင်းမှူး၊ ဒုတိုင်းမှူး၊ တိုင်းဦးစီးချုပ် ၊ ဒကစမှူး၊ တပ်မမှူး၊ စကခမှူး တာဝန်ယူထားသူ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်အဆင့်တွေ သေဆုံး၊ ပျောက်ဆုံးနဲ့ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရမှု ၂၇ ဦးရှိခဲ့ပြီး စစ်ရှုံးတာကြောင့် စစ်ခေါင်းဆောင်တွေရဲ့စစ်ခုံရုံးတင် ထောင်ဒဏ်နဲ့သေဒဏ်တွေချမှတ်ခံရတဲ့ ဗျူဟာမှူး၊တပ်မမှူးတွေလည်း အများအပြားရှိခဲ့တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ – MDSI စာရင်းတွေအရ သိရပါတယ်။