ဆင်ဖြူကျွန်း၊ မတ် ၄၊ ၂၀၂၅။
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ အမှတ် ၁၊ သုံးပင်တောင်ရပ်ကွက်မှာ ဆင်ဖြူကျွန်းနယ် မြေရဲစခန်းမှူး ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဆင်ဖြူကျွန်းမြို့ခံတွေဆီက သိရပါတယ်။
စခန်းမှူးသန်းလွင်ဟာ မတ် ၄ ရက်ဒီမနက် ၇ နာရီခွဲမှာ အမှတ် ၁၊ သုံးပင်တောင်ရပ်ကွက်ရှိ “ချမ်းမြေ့အောင်” လက်ဘက်ရည်ဆိုင်ကထွက်လာချိန်မှာ ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။
“စခန်းမှူးသန်းလွင် ပစ်ခံလိုက်ရတာ၊ PDF အဖွဲ့က ၂ ဦး ဆိုင်ကယ်မရပ်ဘဲနဲ့ ပစ်သွားတာ၊ ပစ်တာက တော်လှန်ရေးရဲမေကပစ်တာ၊ သေမှာပါ၊ နားထင်တေ့ပစ်သွားတာ၊ ၁ ချက်ထဲပစ်သွားတာ၊ ပစ္စတိုနဲ့ပစ်သွားတာ၊ အသံကတော့ စီပေါင်းပေါက်တဲ့အသံလောက်ပဲ” လို့ မြို့ခံတဦးက ပြောပါတယ်။
ပစ်ခတ်ခံရပြီးနောက် စခန်းမှူးသန်းလွင်ကို စလင်းဆေးရုံကိုပို့ခဲ့ပြီး ဆေးရုံမှာသေဆုံးသွားပြီလို့ သိရကြောင်းသူကဆက်ပြောပါတယ်။
“စခန်းမှူး သေတယ်လို့ကြားတယ်၊ စလင်းဆေးရုံပို့တာ၊ ကားကလည်းတန်းပြန်လာတာ၊ အခုတော့ ချမ်းမြေ့အောင် လက်ဘက်ရည်ဆိုင်ပိုင်ရှင်တွေကိုတော့ ရဲစခန်းထဲခေါ်သွားပြီ၊ ၆ ဦးလောက်ပါ သွားတယ်” လို့ ဆင်ဖြူကျွန်းမြို့ခံတဦးက ထပ်ပြောပါတယ်။
လက်ရှိမှာ ဆင်ဖြူကျွန်းမြို့ပေါ်တဝိုက်နဲ့ ရေနားတန်းရွာ နတ်စင်ရွာတို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။
ဒီပစ်ခတ်မှုကို ဘယ်သူတွေလုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ မြေလတ်အသံက အတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၄ ရက်မနက် ၈ နာရီလောက်မှာလည်း စလင်းမြို့နယ်၊ တညောင်ရဲစခန်းက ဒုရဲအပ် လဲ့လဲ့စိုး (ခေါ်) ဝက်မ ဆိုသူပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ဖြစ်စဥ်ရှိခဲ့ပါသေးတယ်။
စာတည်း – လင်း