ပခုက္ကူ၊ မေ ၁၁၊ ၂၀၂၅။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် The Red Revolters အဖွဲ့ရဲ့ တပ်စိတ်စခန်း ၁ ခု စစ်ကောင်စီစစ်ကြောင်းရဲ့ စီးနင်းတိုက်ခိုက်မှုကိုခံရပြီး လက်နက်ပစ္စည်းတွေဆုံးရှုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။
ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကထွက်လာတဲ့အင်အား ၁၅၀ ပါစစ်ကြောင်းက မေ ၇ ရက်မနက် ၅ နာရီဝန်းကျင်မှာ စီးနင်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“မနက်ခင်း စခန်းကိုပြန်ဝင်တော့ စခန်းကနေ ၃၅ မီတာလောက်အကွာမှာ စစချင်း ၃ ယောက်တက်လာတာကို ကျနော်ကမြင်လိုက်တာ။ ကျနော်နဲ့က ၁၅ မီတာလောက်ပဲဝေးတော့တာ။ သူတို့ကို မြင်တော့ သေနတ်ပြေးဆွဲလိုက်တဲ့အချိန်မှာ ရှေ့ဆုံးတစ်ယောက်ကမပြေးနဲ့ ဘာမှမလုပ်ဘူးလို့ အော်တယ်။ ကျနော်တို့ကပြေးတော့ လွတ်မယ်ထင်ရင်ပြေးလို့ အော်နေကြတာ။”လို့ The Red Revolters မှတပ်စုမှူးက ဆိုပါတယ်။
အဆိုပါတပ်စိတ်စခန်းမှာ ပုံမှန်အားဖြင့် စုစုပေါင်းတပ်ဖွဲ့ဝင် ၆ ဦးရှိပြီး စစ်ကောင်စီစစ်ကြောင်း ဝင်လာချိန်မှာတော့ ၂ ဦးက မိုင်းရှင်းလင်းရေးသွားနေတဲ့အတွက် တပ်ဖွဲ့ဝင် ၄ ဦးသာရှိနေခဲ့တယ်လို့ ဆိုပါတယ်။
“အရမ်းနီးကပ်နေတဲ့အခြေနေမှာ အသက်ထက် သေနတ်ကအရေးကြီးနေတဲ့အနေအထားမို့ ရနိုင်သလောက်တော့ယူခဲ့ပါတယ်။ မရနိုင်တဲ့ဟာတော့ ထားခဲ့ပြီးပြေးခဲ့ရတာပါ။”လို့The Red Revolters မှတပ်စုမှူးက ဆိုပါတယ်။
ဒီစီးနင်းတိုက်ခိုက်ခံရမှုကြောင့် သေနတ် ၂ လက်၊ ကျည် ၅၇၇ တောင့်၊ ကျည်ဘောက် ၁၃ ခု၊ တပ်ဖွဲ့ဝင်တွေရဲ့ ဖုန်းနဲ့ အသုံးအဆောင်ပစ္စည်းတွေသိမ်းခံရပြီး စုစုပေါင်းတန်ဖိုးငွေ ကျပ်သိန်း ၇၀၀ ခန့် ဆုံးရှုံးခဲ့ကာ တပ်ဖွဲ့ဝင်တွေထိခိုက်မှုမရှိခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။
“ဖြစ်သွားတဲ့ဖြစ်စဉ်မှာ လက်နက်တွေဆုံးရှုံးမှုက လိုအပ်ချက်တွေရှိသွားပြီ။ လက်နက်ဆိုတာ အခုချိန်မှာ အရမ်းလိုအပ်နေတာ။ ရဲဘော်တွေက သူတို့ပစ်လို့ ထိခိုက်တာမရှိဘဲလွတ်လာတာပဲ ကံကောင်းနေပါပြီ။ ဘယ်လိုအခက်အခဲရှိရှိ ရှေ့ဆက်လုပ်ဆောင်သွားမှာပါ။”လို့ သူကပြောပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ဧပြီ ၂၉ ရက်မှာ ပခုက္ကူတပ်မ ၁၀၁ ကစတင်ပြီး ပခုက္ကူမြို့နယ်၊ အောင်သာရွာနဲ့ အနီးဝန်းကျင်ကိုဝင်ရောက်မီးရှို့ခဲ့တဲ့စစ်ကြောင်းဖြစ်ကာ မြိုင်မြို့နယ်အတွင်း ဝင်ရောက်နေတဲ့စစ်ကြောင်းကို နယ်မြေစောင့်ကြပ်ပြီး စစ်ကူပေးဖို့လာချိန်မှာ အထက်ပါတပ်စိတ်စခန်းကို စီးနင်းခဲ့တာလို့ ဆိုပါတယ်။
“ဝင်မစီးခင် ၁ ရက် ၂ ရက်အလိုမှာကတည်းက ညဆိုအဲ့သင်းခန်းရွာကိုလာတယ်၊ နေ့ဆို ရွာသစ်ဘက် ပြန်တယ်။ အဲ့လိုလုပ်နေကြပြီး အဲ့ရက်ပိုင်းအတွင်းမှာ ကျနော်တို့ဘက်က သတင်းထောက်ဖို့ ဖုန်းလိုင်းအခက်အခဲနဲ့ ဒရုန်းအခက်အခဲတွေကြောင့် လစ်ဟာသွားတာပေါ့။”လို့ The Red Revolters မှ တပ်စုမှူးကဆိုပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ မေ ၈ ရက်ညပိုင်းမှာ ကား ၄ စီးနဲ့ ပခုက္ကူတပ်မ ၁၀၁ ထဲကို ပြန်လည်ဝင်ရောက်သွားခဲ့ပြီး မေ ၁၀ ရက်မှာ ပခုက္ကူမြို့နယ်၊ ကန်တော်ရွာဘက်ကို အင်အား ၅၀ ခန့် ထပ်မံရောက်လာတယ်လို့ သိရပါတယ်။
“အခုလောလောဆယ် ပခုက္ကူနယ်ထဲမှာက အရင်ကထပ်ပိုသတိထားရမယ့် အခြေအနေဖြစ်နေတာ။ နယ်မြေကိုအကဲစမ်းပြီး တော်တော်လေးအင်အားသုံးပြီးသွားလာနေကြတာ။”လို့ The Red Revolters မှ တပ်စုမှူးကဆိုပါတယ်။
စာတည်း – လင်း