သတင်း – မြတ်
မန္တလေး၊ အောက်တိုဘာ ၃၀၊ ၂၀၂၅။
မန္တလေးမြို့မှာ ဒီကနေ့မနက်ပိုင်းက ငလျင်ငယ်တခုထပ်မံလှုပ်ခတ်ခဲ့ပြီး ငလျင်ထိခိုက်ထားတဲ့ အဆောက်အဦဖြိုချရာက နံရံပြိုကျလို့ ကလေးငယ်တဦးထိ ခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၃၀ ရက် ဒီနေ့မနက် ၈ နာရီကျော်မှာ မန္တလေးမြို့ ၈၄ လမ်း၊ ၃၁ လမ်း နဲ့ ၃၂ လမ်းကြားရှိ အထပ်မြင့်အဆောက်အဦတခုကို ဖြိုချရာက လုပ်ငန်းခွင်ထဲက အလုပ်သမားတဦးရဲ့သမီးဖြစ်သူပေါ်ကို ပိမိခဲ့တာလို့ ဆိုပါတယ်။

” ငလျင်ထိထားတဲ့ တိုက်ကိုပန်းရံနဲ့ဖြိုချနေတာဗျ။ ဖြိုချတဲ့အချိန် နံရံကပြိုကျပြီး ပန်းရံသမားရဲ့ သမီးလေး ဒဏ်ရာရတာပါ” လို့ မန္တလေးမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူမိန်းကလေး မန္တလေးဆေးရုံကြီးကို ပို့ဆောင်ကုသထားပြီး ဒဏ်ရာကစိုးရိမ်ရတဲ့ အခြေအနေမရှိဘူးလို့ သိရပါတယ်။

မန္တလေးမြို့မှာ ငလျင်ကြီးဒဏ်ထိထားပြီး ဆက်လက်နေထိုင်ဖို့မသင့်တဲ့ အဆောက်အဦတွေဖြိုချရှင်းလင်းရာက လူသေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာရရှိတာတွေ မကြာခဏဖြစ်ပွားနေတာပါ။
လက်ရှိမှာ မန္တလေးမြို့က ငလျင်ဒဏ်သင့် အဆောက်အဦတွေကို ဖြိုချနေဆဲဖြစ်ပြီး ငလျင်ငယ်တွေလည်းဆက်တိုက်လှုပ်ခတ်နေကာ ဒီကနေ့ မနက် ၈ နာရီ ၅၉ မိနစ်မှာပဲ ငလျင်ငယ်တခုထပ်မံလှုပ်ခတ်သွားတယ်လို့ နောက်ထပ်မန္တလေးမြို့ခံတဦးက ပြောပါတယ်။
” (လှုပ်တာက) တချက်တည်းမို့သာပဲ အသံရော၊ ထပြေးရပြီတောင်ထင်တာ “ လို့ ပြောပါတယ်။
ငလျင်လှုပ်ခတ်ခဲ့မှုနဲ့ပတ်သက်ပြီး ဗဟိုပြုနေရာနဲ့ အင်အားဘယ်လောက်ဆိုတာကိုတော့ မိုးလေဝသက ထုတ်ပြန်တာမတွေ့ရသေးပါဘူး။
အောက်တိုဘာ ၂၁ ရက်နေ့ကလည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ ငလျင်ထိ အဆောက်အဦ ဖြိုချရာကနေ အနီးနားကနေအိမ်တွေပိပြီး လူတဦး ပိတ်မိခဲ့ပါသေးတယ်။