ပဲခူး၊ ဇူလိူင် ၁၄၊ ၂၀၂၆။
ပဲခူးတိုင်း၊ ပဲခူးမြို၊ ဥဿမြို့သစ်၊ စိန်ပန်းလမ်း၊ အမှတ် ၃၃/၃၆ ရှိ Zhengbang Myanmar (ကျန်းပန်းမြန်မာ) တိရစ္ဆာန်အစာချက်စက်ရုံမှာ အလုပ်သမား ၃ ဦး ကန်ဆင်းဆေးရင်း
သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။
သေဆုံးသူ ၃ ဦးဟာ အသက် ၂၅ နှစ်ကနေ ၅၀ ကြားအရွယ်ရှိ မောင်ဝေယံစိုး၊ ဦးချမ်းသာနဲ့ဦးအောင်လင်းဦးတို့ ၃ ဦးဖြစ်ပြီး ဇူလိုင်လ ၁၃ ရက်နေ့ညနေ ၄ နာရီကျော်ခန့်မှာ စက်ရုံအတွင်းရှိ သံလှောင်ကန်အတွင်းမှာ သေဆုံးနေခဲ့ကြတာလို့ ဆိုပါတယ်။

“ကန်ထဲမှာ ၃ ဦးအလုပ်လုပ်ရင်းဖြစ်တာလို့ သိရတယ်။ ကန်ဆင်းဆေးရင်းဖြစ်တာ ဖြစ်နိုင်တယ်။ ကျနော်တို့ရောက်တော့ အသက်မရှိတော့ဘူး။ အလောင်းတွေလည်း ကန်ပေါ်ရောက်နေပြီ” လို့ ကူညီဆောင်ရွက်ပေးခဲ့သူတဦးက ပြောပါတယ်။
သေဆုံးသူတွေရဲ့အလောင်းတွေကိုတော့ စက်ရုံအတွင်းရှိ အလုပ်သမားတွေက ကန်အပေါ်ရောက်အောင် ဝိုင်းဝန်းဆယ်ယူထားကြတယ်လို့သိရပြီး၊ သေဆုံးသွားတဲ့ အမျိုးသား ၃ ဦးအလောင်းကိုတော့ ပဲခူးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
အလုပ်သမား ၃ ဦးသေဆုံးခဲ့တဲ့ ကန်ဟာ ကြက်စာနဲ့ ဝက်စာတွေ စပ်ရာမှာသုံးတဲ့ ငါးဆီဖျန်းလုပ်ငန်း လုပ်ကိုင်တဲ့နေရာ အမြင့် ၁၀ ပေ၊ အနက် ၁၅ ပေခန့်ရှိတဲ့ သံလှောင်ကန်ဖြစ်တယ်လို့ သိရပါတယ်။
အလုပ်သမား ၃ ဦးသေဆုံးတာနဲ့ပတ်သက်ပြီး ဆေးရုံက ရင်ခွဲစစ်ဆေးမှုတွေပြုလုပ်နေကြောင်းနဲ့ ဘာကြောင့်သေဆုံးတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဇွန်လ ၂၈ ရက်နေ့ကလည်း ဇွန်လ ၂၈ ရက် နံနက်ပိုင်းက ပဲခူးမြို့နယ်၊ နန်းတော်ရာရပ်ကွက်၊ ထန်းတပင်ရေကန်ထဲမှာ အသက် ၅၉ နှစ်မရွယ် အမျိုးသမီး တဦးရေနစ်သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။