ကား၊ ဆိုင်ကယ်နဲ့ ဆက်စပ်ပစ္စည်းတွေသိမ်းဆည်း
အုတ်တွင်း၊ မေ ၁၂၊ ၂၀၂၅။
ပဲခူးတိုင်းအရှေ့ခြမ်း၊ အုတ်တွင်းမြို့နယ် ကြက်မနက်ရွာရှိ စစ်ကောင်စီစခန်းကုန်းကို မေ ၁၀ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ က သတင်းထုတ်ပြန်ထားပါတယ်။
ကြက်မနက်ရွာအပိုင် အုတ်တွင်း-ပြည်လမ်းဘေးက အင်အား ၆၀ ဝန်းကျင်ရှိ စစ်ကောင်စီစခန်းကို မေ ၁၀ ရက် မနက် ၇ နာရီကနေ မနက် ၁၁ နာရီခွဲအထိ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
တိုက်ခိုက်နေချိန် စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ ၂ စီး နဲ့ပစ်ကူပေးပြီး စခန်းကိုဆုတ်ခွာသွားတဲ့အတွက် စခန်းကုန်းကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၂ ဦးဒဏ်ရာရရှိကာ သေဆုံးမှုတွေလည်း ရှိနိုင်တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ရဲ့ ပြန်ကြားတာဝန်ခံ ရွှန်းရွှန်းကပြောပါတယ်။
ဒါ့အပြင်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ကား ၁ စီး၊ ဆိုင်ကယ် ၆ စီးနဲ့ ဆက်စပ်ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ Hero ပြောက်ကြားတပ်ဖွဲ့နဲ့ ပေါင်းတည်မြို့နယ် တပ်ရင်း ၃၆၀၁ တပ်ခွဲ ၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
သတင်း – မောင်ဆွေအင်း၊ တည်းဖြတ် – HP