မကွေး၊ မေ ၂၄၊ ၂၀၂၃။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ လုပ်ငန်းခွင်သင်တန်းကပြန်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ထမ်းတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ခေါ်ယူစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
မေလ ၁၈ ရက် ညနေ ၄ နာရီခွဲအချိန် ပခုက္ကူ-ရေစကြိုလမ်းပိုင်းတနေရာမှာ စစ်ဆေးမှုတွေပြုလုပ်နေစဉ် Non-CDM ပညာရေးဝန်ထမ်း ဆရာ၊ဆရာမ အင်အား ၈၀ ခန့်လိုက်ပါလာတဲ့ ကား ၃ စီးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး စစ်ဆေးမှုတွေလုပ်ဆောင်ပြီးတဲ့နောက် အဲ့ဒီညပိုင်းမှာပဲ ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့စစ်တဲ့အချိန်မှာ အရပ်သားကားမဟုတ်ဘဲနဲ့ ပခုက္ကူကနေ သင်တန်းတက်ပြီး ပြန်လာတဲ့ Non-CDM တွေဖြစ်နေတာ။ သူတို့ကို တခုခုလုပ်မယ်ထင်နေတာ။ သူတို့(ဆရာ၊ ဆရာမတွေ)ကို CDMလုပ်ပေးဖို့၊ စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်ဖို့ ပြောပြီးတော့ ချက်ချင်း ဒီအတိုင်းပဲ ပြန်လွှတ်လိုက်တာ” လို့ ရေစကြိုမြို့နယ်အခြေပြုလှုပ်ရှားနေတဲ့ Young Force – UG တာဝန်ခံ YP က မြေလတ်အသံကိုပြောပါတယ်။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်အပါအဝင် လူမှုကွန်ယက်တွေမှာတော့ ရေစကြိုမြို့နယ်အတွင်းမှာ PDF တွေက ပညာရေးဝန်ထမ်းတွေကို ဖမ်းဆီးပြီး ရွှေငွေတွေယူဆောင်သွားတယ်လို့ ဝါဒဖြန့်ဖော်ပြနေတယ်လို့ သိရပါတယ်။
ဖမ်းဆီးမှုအတွင်းမှာ Non-CDM ပညာရေးဝန်ထမ်းတွေ စီးနင်းလိုက်ပါလာတဲ့ ကား၊လက်ကိုင်ဖုန်းတွေအပါအဝင် ကျောင်းသုံးဆက်စပ်ပစ္စည်းတွေကို သက်သေခံအဖြစ် သိမ်းဆည်းခဲ့ပြီး Non-CDM ဆရာ၊ ဆရာမတွေရဲ့ ကိုယ်ပိုင်ပစ္စည်းလက်ဝတ်လက်စားတွေကို သိမ်းယူတာမျိုးမရှိဘူးလို့ ဆိုပါတယ်။
ရေစကြိုမြို့နယ်အတွင်းမှာ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေ မကြာခဏဖမ်းဆီးစစ်ဆေးခံနေရပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာလည်း ဆည်မြောင်းဝန်ထမ်းအချို့ဖမ်းဆီးခံရမှုရှိတယ်လို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြခဲ့ပါသေးတယ်။
စာတည်း – ရင်ငြိမ်း