မြေလတ်အသံ၊ အောက်တိုဘာ ၃၀၊ ၂၀၂၅။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ရခိုင်ရိုးမပေါ်ရှိ နတ်ရေကန်တောင်ဗျူဟာ စခန်းကုန်းရဲ့ ကာကင်းစခန်းတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့တယ်လို့ Chin Defence Force-Asho က အောက်တိုဘာ ၃၀ ရက်ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
ကျဆုံးသူဟာ CDF-Asho တပ်ဖွဲ့ဝင် ဆလိုင်းအာရှယ်ပါ ဖြစ်ပြီး အင်အား ၅၀ ကျော်ရှိတဲ့ ကာကင်းစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန် အောက်တိုဘာ ၂၈ ရက်မှာ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

“ရဲဘော်က နတ်ရေကန်အနီး နတ်ရေကန်တောင်ခြေ ကာကင်းစခန်း ထိုးစစ်ဆင်တိုက်ပွဲမှာ ကျတာပါ။ စခန်းသိမ်းတိုက်ပွဲကတော့ ဆက်ရှိနေပါသေးတယ်”လို့ Chin Defence Force-Asho မှ တာဝန်ရှိသူတဦး ကပြောပါတယ်။
ကာကင်းစခန်းသိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး အသေးစိတ်အခြေအနေကိုတော့ စစ်ရေးလုံခြုံမှုအရ ထုတ်ဖော်ပြောပြလို့မရသေးဘူးလို့လည်း အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။


ဆလိုင်းအာရှယ်ပါရဲ့ စျာပနကိုတော့ အောက်တိုဘာ ၂၉ ရက်မနက်ပိုင်းမှာပြုလုပ်ပြီး မြေမြုပ်သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။
နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်ဖို့အတွက် ကျန်ရှိနေတဲ့နေရာတချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကစဉ့်ကလျား ထွတ်ပြေးနေကြတဲ့ စစ်ကော်မရှင်တပ်အချို့နဲ့လည်း တိုက်ပွဲဆက်ဖြစ်နေတယ်လို့ အာရက္ခတပ်တော် (AA) က အောက်တိုဘာ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၁၇ ရက်ကလည်း နတ်ရေကန်အနီးပတ်ဝန်းကျင်မှာ အလံဖြူထောင် လက်နက်ချကာ အလင်းဝင်ရောက်လာသူနဲ့ တိုက်ပွဲအတွင်း လက်ရဖမ်းဆီးရမိခဲ့တဲ့ စစ်ကော်မရှင်တပ်သား ၁၁ ဦးရှိခဲ့တယ်လို့ AA ကထုတ်ပြန်ခဲ့ပါတယ်။
စာတည်း – လင်း