ချောက် ၊ စက်တင်ဘာ ၂၀ ၊ ၂၀၂၅ ။
မကွေးတိုင်း၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ မကျီးကုန်းရွာ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးရဲ့ ၁ လပြည့်အဖြစ် ဆွမ်းကပ်တရားနာ ပြုလုပ်ခဲ့တယ်လို့ ရေနံမြေ Chauk Revolution Army ဆီက သိရပါတယ်။
ဩဂုတ် ၂၀ ရက်က ချောက်မြို့နယ် မကျီးကုန်းတိုက်ပွဲမှာ လက်နက်ကြီးထိမှန်ကျဆုံးခဲ့တဲ့ အသက် ၁၉ နှစ် အရွယ် ရဲဘော်မိုးကြိုး(ခ)မိုးမင်းရဲ့ ကျဆုံး ၁ လပြည့်အဖြစ် ဒီနေ့ စက်တင်ဘာ ၂၀ ရက် မနက် ၈ နာရီမှာ ဆရာတော် ၈ ပါးကို ဆွမ်းကပ်ပြီး တရားနာ၊ အမျှဝေ ကောင်းမှုကုသလိုလ်ပြုလုပ်ခဲ့တယ်လို့ ရေနံမြေ Chauk Revolution Army သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဆီက သိရပါတယ်။
” ရှေ့လကပေါ့ ချောက်မြို့နယ်ထဲက မကျီးကုန်း တိုက်ပွဲမှာ လက်နက်ကြီးမှန်ပြီးတော့ ကျဆုံးသွားတာ၊ ကျနော်တို့ Battle(တိုက်ပွဲ)ဖြစ်နေတာမှာ ဟိုဘက်က လက်နက်ကြီးမှန်တာပေါ့။” လို့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ကျဆုံးတပ်ဖွဲ့ဝင် ရဲဘော်မိုးကြိုး(ခ)မိုးမင်း ဟာ ချောက်မြို့နယ်အတွင်း ကျေးရွာတခုက ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်အဖြစ် ၂၀၂၂ ကတည်းဝင်ရောက်ခဲ့သူဖြစ်ကာ သူ့ရဲ့ ကျဆုံး ၁ လပြည့်ကို ဒေသခံတွေနဲ့ တပ်ဖွဲ့ဝင်တွေ လာရောက်တရားနာခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ကိုတော်လှန်ရင်း ရေနံမြေ Chauk Revolution Army အဖွဲ့က တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
တည်းဖြတ် – M