မြေလတ်အသံ၊ ဒီဇင်ဘာ ၅၊ ၂၀၂၅။
မကွေးတိုင်း၊ အောင်လံမြို့နယ်က အမျိုးသား ၂ ဦးကို စစ်ကော်မရှင်တပ်က ဒီဇင်ဘာ ၄ ရက်ညနေ ၅ နာရီကျော်မှာ ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖမ်းဆီးခံရသူ ၂ ဦးမှာ အသက် ၃၀ အရွယ်ကိုသန်းနိုင်နဲ့ နထားကျေးရွာမှ ကုန်စုံဆိုင်ပိုင်ရှင် မောင်မောင်တ တို့ဖြစ်ပြီး သူတို့ကို ရွှေပန်းတောရွာရဲစခန်းရှိ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ ဦးက နေအိမ်တွေကနေ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
“မြို့ပေါ်ကို ဖမ်းခေါ်တာပဲသိတယ်။ အရင်လူတွေကိုတော့ စရဖမှာ စစ်ဆေးတယ်။ အခုလူတွေကိုလည်း စရဖ ရုံးကိုပို့တာဖြစ်နိုင်တယ်”လို့ မြေပြင်အခြေအနေကိုသိရှိတဲ့ အမျိုးသားတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာ ၂၉ ရက်မနက် ၆ နာရီကနထားကျေးရွာမြောက်ဘက် ကျေးရွာချင်းဆက်လမ်းမပေါ်ရှိ ရွေပန်းတောကျေးရွာမြောက်ဘက်အဝင်ရှိ စစ်ကော်မရှင်တပ်တွေအထိုင်ချထားတဲ့ဂိတ် (နထားဂိတ်) ပစ်ခတ်ခံရပြီးနောက် ခုလိုဖမ်းဆီးမှုတွေရှိလာတာလို့ ဆိုပါတယ်။
“ပစ်ခတ်မှုနဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေတော့မသိပါ။ ပစ်ခတ်ခံရတယ်ဆိုတာပဲသိထားပါတယ်။ အဲ့ပစ်ခတ်မှုမှာ ထိခိုက်မှုများလို့ လိုက်ဖမ်းနေတယ်ဆိုတာလောက်ပဲသိထားရတာပါ။ ဂိတ်ပစ်ခတ်ခံရတာနဲ့ ပတ်သက်လို့ ဖမ်းဆီးခံရတာ ၅ ဦးထိရှိပါပြီ။ ဆက်လက်ပြီးဖမ်းဆီနိုင်ပါသေးတယ်”လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာ ၃၀ ရက်မှာ ရွှေပန်းတောကျေးရွာမှ ကိုသန်းထွန်းလေးနဲ့ ကိုဝင်းသိန်း၊ ဒီဇင်ဘာ ၃ ရက်မှာ နတ်မောက်ကျေးရွာမှ ကိုဒေးဗစ် တို့ ဖမ်းဆီးခံခဲ့ရပြီး ဒီဇင်ဘာ ၅ ရက်ဒီကနေ့အထိ ပြန်မလွတ်လာသေးဘူးလို့ သိရပါတယ်။
စာတည်း – လင်း


