မြေလတ်အသံ၊ ဖေဖော်ဝါရီ ၂၁၊၂၀၂၅။
ဖေဖော်ဝါရီ ၂၀ ရက် ဒီနေ့ညမှာ ကာတာနိုင်ငံမှာကျင်းပတဲ့ ONE 171 ပြိုင်ပွဲမှာတော့ အောင်လအန်ဆန်းဟာ ပထမအချီ ၁ မိနစ်မပြည့်ခင်မှာပဲ ပြိုင်ဘက်ရှာမီးအာဒိုဂန်ရဲ့ အမြင့်ကန်ချက် တချက်တည်းနဲ့ အလဲထိုးအရှုံးပေးခဲ့ရပါတယ်။


မြေလတ်အသံ၊ ဖေဖော်ဝါရီ ၂၀၊၂၀၂၅။
ဖေဖော်ဝါရီ ၂၀ ရက်၊ ကာတာနိုင်ငံမှာကျင်းပသွားမယ့် ONE 171 ပြိုင်ပွဲမှာတော့ အောင်လအန်ဆန်းရဲ့ပွဲစဉ်ပါဝင်ပြီး တူရကီနိုင်ငံသား အာဒိုဂန်နဲ့ မကြေပွဲပြန်လည်ထိုးသတ်သွားရမှာ ဖြစ်ပါတယ်။
ဒီပွဲဟာနှစ်ယောက်စလုံးအတွက် ပြိုင်ဘက်မခြားဘဲ နှစ်ပွဲဆက်တိုက်ထိုးကြရတာဖြစ်ပြီး ပထမတွေ့ဆုံစဉ်မှာတုန်းကတော့ အာဒိုဂန်က အောင်လကို အသာစီးကထိုးသတ်ကစားသွားခဲ့ကာ ဒုတိယအချီမှာ ဒိုင်ပွဲရပ်နဲ့အနိုင်ရသွားခဲ့ပါတယ်။
အဲ့ဒီပွဲစဉ်မှာ အာဒိုဂန်ဟာဝိတ်တောင်လာမချိန်ဘဲကစားခဲ့တာကြောင့် အဲ့ဒီအကျိုးဆက်အနေနဲ့ အနိုင်ရပေမယ့် ဘောနပ်စ်ဆုနဲ့ဝေးခဲ့ရသလို ချန်ပီယံခါးပတ်စိန်ခေါ်ခွင့်ကိုပါလက်လွှတ်ဆုံးရှုံးခဲ့တယ်လို့ ထင်ရပါတယ်။
အခုပွဲပြန်လည်တွေ့ဆုံရာမှာတော့ အာဒိုဂန်သာသတ်မှတ်ဝိတ်အတွင်း ဝင်ရောက်ခြင်းမရှိရင် ဒီပွဲစဉ်ကို လက်ခံကစားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့တဲ့အောင်လဟာ သူကိုယ်တိုင် ဟိုက်ဒရေးရှင်းစစ်ဆေးမှုကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ အာဒိုဂန်ကတော့ သတ်မှတ်ဝိတ်ရော၊ ဟိုက်ဒရေးရှင်းစစ်ဆေးမှုမှာပါ အောင်မြင်သွားတာကြောင့် ဝိတ်ကိုချိန်ညှိထိုးသတ်ရတော့မှာဖြစ်သလို အောင်လအနေနဲ့ သူ့ရဲ့ထိုးကြေးတွေထဲကနေ တချို့တဝက်ကို ခွဲဝေပေးရတော့မှာလည်းဖြစ်ပါတယ်။
နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရ ကစားသမား ၂ ဦးဟာ ပေါင်ချိန် ၂၁၀ နဲ့ ဝိတ်ညှိထိုးသတ်သွားမယ်လို့ သိရပါတယ်။
ဒီပွဲဟာ ပရိသတ်တွေအနေနဲ့ အောင်လရဲ့အသက်အရွယ်အရရော ပထမပွဲတွေ့ဆုံစဉ်က အာဒိုဂန်နဲ့ ကွာခြားနေတဲ့ ကစားပုံတွေကြောင့်ပါ အောင်လအနိုင်ရဖို့အတွက် မမျှော်လင့်ရဲကြသလို ကစားသမား ကိုယ်တိုင်ကလည်း ခက်ခဲမယ့်ပွဲတပွဲဖြစ်တယ်လို့ ဝန်ခံပြောကြားထားပါတယ်။
ကစားပုံကစားပေါက်ချင်းယှဉ်ရင် အာဒိုဂန်ဟာ ချုပ်ကွက်အားသာချက်ရှိတဲ့ကစားသမားဖြစ်ပြီး ယှဉ်ထိုးရင်လည်း လက်ရည်မနိမ့်တဲ့ကစားသမားတယောက်ဖြစ်ပါတယ်။ ဘယ်ခြေ၊ ဘယ်လက်အားပြုကစားပြီး သူ့ရဲ့လက်သီးချက်တွေအားပါပြင်းထန်တာကို အောင်လနဲ့ပထမပွဲမှာ မြင်နိုင်သလို ခြေကန်ချက်ကောင်းမွန်တာကိုလည်း ဖန်ရောင်နဲ့ပွဲမှာ မြင်တွေ့ခဲ့ရပါတယ်။
အောင်လထက် အရပ်နဲ့လက်တံလည်း အားသာချက်ရှိနေတာကြောင့် သူ့ရဲ့ဟာကွက်ကိုရှာဖွေဖို့ ခက်လှပါတယ်။ ဒါပေမယ့် အောင်လနဲ့ပထမပွဲစဉ်ထိုးသတ်ချိန်တုန်းက ဝိတ်ချိန်တာကို မလာရောက်ဘဲ ဝိတ်အသားစီးနဲ့ထိုးသတ်သွားတဲ့အာဒိုဂန်ဟာ ဒီပွဲမှာ သူအရပ်အမောင်းနဲ့ဆို ခက်ခဲနိုင်တဲ့ ဝိတ်သတ်မှတ်ချက်ထဲဝင်အောင်ကြိုးစားထားတာကြောင့် ပထမပွဲစဉ်လောက် ခွန်အားကုန်သုံးနိုင်မလား စောင့်ကြည့်ရပါမယ်။
အောင်လကတော့ ပထမပွဲစဉ်မှာ အာဒိုဂန်ပြုသမျှနုခဲ့ရတာကို အခဲကြေဖို့မလွယ်လောက်ဘဲ အစွမ်းကုန် အားထုတ်လာမယ်လို့ ထင်မိပါတယ်။ သူ့ရဲ့အားသာချက်ဖြစ်တဲ့ ညာဖြောင့်လက်သီးချက်တွေ အမြင့်ကန်ချက်တွေ ဒီပွဲမှာမြင်ရမယ်လို့လည်း မျှော်လင့်မိပါတယ်။
တချိန်က ONE ရဲ့ပုံရိပ်မြှင့်တင်ရေးမှာ အရေးပါတဲ့ကစားသမားတယောက်ဖြစ်ခဲ့တဲ့ အောင်လဟာ သူ့ရဲ့အောင်မြင်မှု အခြေအနေတွေနားကို တခါပြန်ကပ်နိုင်ဖို့ ဘယ်လောက်အထိကြိုးစားနိုင်မလဲဆိုတာ ဒီနေ့ည ၉း၃၀ အချိန်မှာ ကြည့်ရတော့မှာဖြစ်ပါတယ်။
ဒီပွဲမှာရော အောင်လအန်ဆန်းနဲ့ ရှာမီးအာဒိုဂန်ရဲ့ပွဲအဖြေ ဘယ်လိုဖြစ်လာမလဲ။ အာဒိုဂန်ကပဲ နိုင်ပွဲထပ်ယူသွားမလား။ အောင်လကပဲ မကြေပွဲမှာ အနိုင်ပြန်ယူနိုင်မလား မိမိတို့ရဲ့အမြင်တွေကို Comment မှာရေးသားသွားပါဦးခင်ဗျ။
မြေလတ်အသံ၊ စက်တင်ဘာ ၇၊ ၂၀၂၄။
စက်တင်ဘာ ၇ ရက် ဒီနေ့မနက်မှာထိုးသတ်သွားတဲ့ ONE:168 ပြိုင်ပွဲမှာ အောင်လအန်ဆန်းဟာ တူရကီဖိုက်တာ အာဒိုဂန်ကို အလဲထိုးနဲ့ရှုံးနိမ့်သွားခဲ့ပါတယ်။
ဒီနေ့ပွဲအတွက်အောင်လဟာ သေချာပြင်ဆင်အားခဲထားခဲ့ပေမယ့် ထင်ထားသလိုမဖြစ်ခဲ့ပါဘူး။ အာဒိုဂန်ဟာ ပွဲရဲ့ပထမအချီမှာကတည်းက တချက်နှစ်ချက်သာယှဉ်ထိုးခဲ့ပြီး သူအားသန်တဲ့ချုပ်ကွက်ကို အသုံးချဖို့ကြိုးစားခဲ့ကာ ပွဲကိုလည်း ထိန်းချုပ်သွားခဲ့ပါတယ်။
ပွဲရဲ့ဒုတိယအချီမှာတော့ အာဒိုဂန်ဟာသက်လုံခြွေဖို့အတွက် အောင်လကိုထိုးချက်ကန်ချက်တွေနဲ့ အခြေအနေအကဲခတ် ထိုးသတ်ခဲ့ပြီး အောင်လဘက်ကတုံ့ပြန်မှုတွေအားနည်းနေမှန်းသိချိန်မှာတော့ ဘယ်ခြေကန်ချက်၊ ဘယ်ညာလက်သီးချက်တွေကို ဆက်တိုက်အသုံးပြုခဲ့ပြီး အောင်လလဲကျသွားချိန်မှာ ဆက်တိုက်ထိုးနှက်ပြီး အနိုင်ယူသွားခဲ့တာပဲဖြစ်ပါတယ်။
ဒီပွဲစဉ်အတွက်အားခဲပြင်ဆင်ထားတဲ့အောင်လအနေနဲ့ ရှုံးနိမ့်သွားရတာဟာအထိနာခဲ့ရသလို အောင်လအန်ဆန်ရဲ့ပွဲစဉ်တွေ One ရဲ့စင်မြင့်ထက်မှာမြင်ရဖို့ ခက်ခဲသွားခဲ့ပြီး အနိုင်ရရှိသွားသူ အာဒိုဂန်ကတော့ လက်ရှိ ဝိတ်တန်းသုံးခုရဲ့ချန်ပီယံ အနာတိုလီမာလီကင် ကိုပါ စိန်ခေါ်သွားခဲ့ပါတယ်။
Photo – One Championship Live SS
မြေလတ်အသံ၊ စက်တင်ဘာ ၆၊ ၂၀၂၄။
One Championship ပြိုင်ပွဲတွေမှာ မြန်မာပရိသတ်တွေသာမကဘဲ အာရှပရိသတ်တွေရဲ့ဝန်းရံမှုကိုပါ အခိုင်အမာရရှိထားတဲ့ ကချင်သားကြီး အောင်လအန်ဆန်းကတော့ အမေရိကန်နိုင်ငံ၊ ဒန်ဗာမြို့မှာပြုလုပ်မယ့် ONE 168:Denver ပွဲမှာ တူရကီကိုယ်စားပြုဖိုက်တာ အာဒိုဂန်နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပါတယ်။
အောင်လဟာ ၂၀၂၃ မေလမှာ ထိုးသတ်အနိုင်ရရှိခဲ့တဲ့ တရုတ်ဖိုက်တာ ဖန်ရောင်နဲ့ပွဲပြီးချိန်ကတည်းက ပြိုင်ပွဲတွေနဲ့ဝေးကွာနေခဲ့တာဖြစ်ပြီး မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်တန်းတွေမှာ ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ အောင်လအတွက်တော့ ဒီပွဲဟာ ချန်ပီယံခါးပတ်ပြန်လည်မျှော်လင့်ချက်အတွက် ခက်ခဲတဲ့စမ်းသပ်မှုကို ခံယူရမယ့် ပွဲစဉ်တပွဲလည်း ဖြစ်ပါတယ်။
အောင်လဟာ ဒီပွဲစဉ်အတွက် မျှော်လင့်ချက်တွေအများကြီးထားထားတယ်ဆိုတာကိုတော့ သူ့ရဲ့ပြင်ဆင်မှုရုပ်သံဖိုင်တွေက သက်သေပြနေပါတယ်။ အမြင့်ကန်ချက်တွေ၊ လက်သီးပါဝါပြင်းပြင်းတွေနဲ့ Stand Fight ပိုင်းကိုပိုင်နိုင်တဲ့အောင်လအတွက် အခုတခါပြိုင်ဘက်ကတော့ နပန်းကစားနည်းကို ကြေညက်အားသန်တဲ့ဖိုက်တာတယောက်ဖြစ်ပါတယ်။
အောင်လအနေနဲ့ ပွဲစဉ်တလျှောက်မှာ အာဒိုဂန်ရဲ့ဆွဲလှဲတာကို တောင့်ခံနိုင်ဖို့ကြိုးစားရမှာဖြစ်သလို ရုတ်တရက်ဝင်လာနိုင်တဲ့ ဘယ်ခြေကန်ချက်နဲ့ ဘယ်ထောက်လက်သီးတွေကိုလည်း သတိပြုသွားရမှာဖြစ်ပါတယ်။ တူရကီကိုယ်စားပြုထိုးသတ်နေတဲ့ အာဒိုဂန်ကတော့ ရုရှမှာမွေးဖွားကြီးပြင်းခဲ့တာကြောင့် နပန်းပိုင်းပိုင်နိုင်ပြီး တခြားနပန်းအားသန်ကစားသမားတွေထက် သာလွန်တဲ့အချက်ကတော့ Stand Fight ပိုင်းမှာလည်း ကောင်းကောင်းကစားနိုင်တာဖြစ်ပါတယ်။
အာဒိုဂန်ဟာ အသက် ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ၂၀၂၃ ဇွန်လမှာ အောင်လနောက်ဆုံးထိုးသတ် အနိုင်ယူထားတဲ့ တရုတ်ဖိုက်တာဖန်ရောင်ကိုပဲ ထိုးသတ်အနိုင်ရရှိထားပြီး ပြိုင်ပွဲတွေနဲ့ ဝေးကွာနေပေမယ့် လှုပ်ရှားထိုးသတ်ပုံတွေကတော့ ပေါ့ပါးကောင်းမွန်နေတုန်းပါပဲ။ ပြိုင်ပွဲမှတ်တမ်းတွေမှာတော့ ရှုံးပွဲမရှိသေးတဲ့ဖိုက်တာတယောက်ဖြစ်ပြီး ပြိုင်ဘက်ကို Ground ပေါ်ရောက်အောင် ဆွဲခေါ်တတ်သူတယောက်ဖြစ်ကာ ဆွဲလှဲနိုင်လိုက်တာနဲ့ ပြိုင်ပွဲကိုဦးဆောင်ထိုးသတ်သွားနိုင်သူတယောက်လည်း ဖြစ်ပါတယ်။
ONE 168 ပွဲမှာ မာဂုဏ်မြင့်မားတဲ့အောင်လအန်ဆန်းက အားပါပြင်းထန်တဲ့ ထိုးချက်၊ ကန်ချက်တွေနဲ့ အနိုင်ပိုင်းပြီး တကျော့ပြန်ချန်ပီယံခြေလှမ်းတွေပြန်လှမ်းလာမလား၊ အာဒိုဂန်ကပဲ မြေပြင်ပေါ် ဆွဲခေါ်လှဲချ အနိုင်ယူသွားမလားဆိုတာကို စောင့်ကြည့်ရပါတော့မယ်။
အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့မှာကျင်းပမယ့် ONE 168: Denver ပြိုင်ပွဲကို စက်တင်ဘာ ၇ ရက် မြန်မာစံတော်ချိန် မနက် ၆း၃၀ နာရီမှာ စတင်ကျင်းပသွားမှာဖြစ်ပြီး One Championship ရဲ့ Youtube Channel နဲ့ Facebook Page တို့မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
Photo – SS from One Championship Youtube.
ရေးသားသူ – ထို့တပတ်
မြေလတ်အသံ၊ သြဂုတ် ၁၂၊ ၂၀၂၄။
၂၀၂၀ ခုနှစ်၊ ၂၀၂၁ ခုနှစ်တွေက ဝမ်းချန်ပီယံရှစ်မှာ ဒတ်ချ်ဖိုက်တာ ရိုင်နီယာဒီရစ်ဒါကိုရှုံးပြီး မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ် ချန်ပီယံခါးပတ်တွေ လက်လွှတ်ခဲ့ရပြီးနောက် မြန်မာပြည်ဖွား ကချင်ဖိုက်တာ အောင်လအန်ဆန်းရဲ့ခရီးကြမ်း စတင်ခဲ့တယ်လို့ ဆိုရမှာပါ။ ဝမ်းချန်ပီယံရှစ်လို့ နာမည်ကျော်လာတဲ့သမိုင်းမှာ ချန်လှပ်ခဲ့လို့မရတဲ့ မြန်မာစပါးအုံးမြွေဟာ ခါးပတ်ပွဲ ၂ ပွဲဆက်အရှုံးနောက်ပိုင်း ၅ ပွဲ ထိုး၊ ၄ ပွဲနိုင်၊ ၁ ပွဲရှုံးရလဒ်အပြင် နောက်ဆုံး ၃ ပွဲဆက် အလဲထိုးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အာရှရဲ့အကြီးဆုံး တိုက်ခိုက်ရေးအားကစားပွဲစီစဉ်သူ ဝမ်းချန်ပီယံရှစ်ဟာ မြန်မာဖိုက်တာကို စာချုပ်သစ်ကိစ္စ၊ ပွဲပေးဖို့ကိစ္စတွေ တော်တော်ကို ကြန့်ကြာခဲ့ပါတယ်။ ကာယကံရှင်ဖိုက်တာနဲ့ ပရိသတ်တောင်းဆိုမှုကြောင့် အောင်လအန်ဆန်းကို ဝမ်းချန်ပီယံရှစ်ဘက်က စာချုပ်သက်တမ်းတိုးခဲ့ပေမယ့် ပွဲတည်ပေးဖို့ ထပ်မံနှောင့်နှေးခဲ့ပြန်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ပရိသတ်နဲ့ ဖိုက်တာရဲ့ တောက်လျှောက်တောင်းဆိုမှုကို ဝမ်းချန်ပီယံရှစ်ဟာ မကြားချင်၊ မမြင်ချင်ဟန်ဆောင်လို့ မရတော့ဘဲ ရှုံးပွဲမရှိ တူရကီဖိုက်တာ ရှမီးလ်အာဒိုဂန်နဲ့ ONE:168 ဒန်ဗာမှာ တွဲဆိုင်းစီစဉ်ထားကြောင်း ဇွန်လနှောင်းပိုင်းမှာ အတည်ပြုသတင်း ထုတ်ပြန်လိုက်ရပါတော့တယ်။
၂၀၂၃ ခုနှစ် မေလ ၅ ရက်နေ့မှာ နောက်ဆုံးပွဲထိုးသတ်ခဲ့တဲ့ အောင်လအန်ဆန်းရဲ့ ပြိုင်ဘက် အာဒိုဂန်ဟာ တူရကီကိုယ်စားပြုဖိုက်တာဖြစ်ပေမယ့် ရုရှားမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ရုရှားဖိုက်တာပါ။ အသက် ၃၄ နှစ်အရွယ်ရှိပြီး ဖိုက်တာဘဝမှတ်တမ်း ၉ ပွဲလုံးအနိုင်ရထားကာ အရပ်အမြင့် ၆ ပေ ၂ လက်မရှိတာကြောင့် အောင်လအန်ဆန်းထက် ၁ လက်မ ပိုမြင့်ပါတယ်။ နိုင်ပွဲ ၉ ပွဲမှာ ၅ ပွဲ အလဲထိုးထားကာ ၄ ပွဲကို လက်သီးထိုးချက်၊ ခြေကန်ချက်တွေနဲ့ နိုင်ခဲ့တာဖြစ်ပြီး ကျန် ၁ ပွဲကတော့ ချုပ်ကွက်နဲ့ နိုင်ထားပါတယ်။
အာဒိုဂန်က နပန်းပိုင်းကို အဓိကထားပေမယ့် လက်သီးနဲ့ ခြေကန်ချက်တွေမှာလည်း ထိကျ ပါဝါရှိတဲ့ ဖိုက်တာဆိုတာ အလဲထိုးနိုင်ပွဲ ၄ ပွဲက သက်သေပြနေပါတယ်။ ဘယ်သန်ကစားသမားဖြစ်ပြီး လက်သီး တွဲလုံးတွေကို အောက်ထောက်ခတ်ခြေ၊ အမြင့်ကန်ချက်တွေနဲ့ တွဲစပ်သုံးကာ ပြိုင်ဘက်ခါးကို ဆွဲဖက်လှဲချတတ်ပါတယ်။ အမှတ်နဲ့နိုင်ခဲ့တဲ့ ၄ ပွဲလုံးမှာ ပြိုင်ဘက်ကို အဲဒီသတ်ကွက်နဲ့ ကြမ်းပေါ်လှဲချပြီး တပွဲလုံး အသာစီးယူထိန်းချုပ်တဲ့ပုံစံနဲ့ အနိုင်ရထားပါတယ်။
လျင်မြန်မှုနဲ့ နပန်းသက်လုံကို ဦးစားပေးထိုးသတ်တာကတော့ မြန်မာဖိုက်တာ သတိထားရမယ့် အချက်တွေလို့ ယူဆရပါတယ်။ အခုပွဲမှာ အောင်လအန်ဆန်းအတွက် အားသာချက်ဖြစ်လာမှာက ရှေ့ခင်းခြေကို ဘယ်၊ ညာပြောင်းကစားတတ်တဲ့အချက်ဖြစ်ပြီး အောင်လအန်ဆန်းရဲ့ နံကြားနဲ့ အမြင့်ကန်တဲ့ ဘယ်ခြေတွေက အာဒိုဂန်ကို ဆွဲလှဲလို့မရအောင် တားဆီးပါလိမ့်မယ်။ Stand Fight နဲ့ Ground Fight နှစ်မျိုးလုံးပိုင်နိုင်တဲ့ အောင်လအန်ဆန်းဟာ သူ့ဖိုက်တာမှတ်တမ်း ၄၄ ပွဲမှာ အလဲထိုးနိုင်ပွဲ ၁၅ ပွဲ၊ နပန်းချုပ်ကွက်နဲ့နိုင်ပွဲ ၁၃ ပွဲ ရှိထားပါတယ်။
နပန်းပိုင်းအားပြုလာမယ့် အာဂိုဂန်ကိုရင်ဆိုင်ဖို့ အောင်လအန်ဆန်းဟာ UFC ဖိုက်တာ ကာမာရု အူစမန်ရဲ့ညီ UFC ဟဲဗီးဝိတ်ဖိုက်တာ မိုဟာမက်အူစမန်နဲ့လေ့ကျင့်ပြီး ကြိုတင်ပြင်ဆင်နေပါတယ်။ အာဒိုဂန်ကို ၃ ချီမှာ ပွဲသိမ်းမယ်လို့ ကြုံးဝါးထားတဲ့ အောင်လအန်ဆန်းက “ဒီပွဲမှာ နပန်းပိုင်းကော ထိုးလုံး သတ်ကွက်ပါ ကျနော့်ဘက်က အကြမ်းစားဖြစ်နေဖို့ လိုတယ်”လို့ ပြောထားပါတယ်။ ထိုးလုံးကုန်တဲ့အချိန် ခါးဖက်ဆွဲလှဲမယ့် ဘယ်တည်ဖိုက်တာ အာဒိုဂန်ကို အောင်လအန်ဆန်းက အဝင်တွေမှာ အချိန်ကိုက်တိုက်မယ့် ဘယ်ဒူးတွေ၊ ပါဝါကြီးကြီးနဲ့ကန်မယ့် ဘယ်ခြေအမြင့်ကန်ချက်တွေ၊ ဘယ်ကန့်လန့်ဒူးတွေက ပွဲသိမ်းတိုက်ကွက်ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
အခုပွဲက သာမန် ၅ မိနစ် ၃ ချီပွဲသာဖြစ်ပေမယ့် နိုင်တဲ့ဖိုက်တာဟာ ဝမ်းချန်ပီယံရှစ်ရဲ့ ဝိတ်တန်း ၃ တန်းချန်ပီယံ အနာတိုလီမာလီခင်နဲ့ မစ်ဒယ်ဝိတ်ချန်ပီယံလုပွဲနွှဲဖို့ ရာနှုန်းပြည့်သေချာပါတယ်။ မာလီခင်က ပြီးခဲ့တဲ့ မတ်လမှာ ဒီရစ်ဒါကို ဒုတိယအကြိမ်အနိုင်ယူပြီး မစ်ဒယ်ဝိတ်ခါးပတ်ရခဲ့ပေမယ့် ချန်ပီယံဟောင်း ဒီရစ်ဒါက ဝမ်းချန်ပီယံရှစ်နဲ့ စာချုပ်ကိစ္စ အရှုပ်အရှင်းတွေဖြစ်နေလို့ မကျေပွဲဖြစ် လာနိုင်ဖွယ်မရှိတဲ့အပြင် မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်လုဖို့လည်း ပြိုင်ဘက်ဖိုက်တာလိုအပ်နေတာမို့ အနိုင်ရတဲ့ဖိုက်တာအတွက် မစ်ဒယ်ဝိတ်ခါးပတ်က လက်တကမ်းကို ရောက်လာမှာပါ။
ဒီပွဲအနိုင်အရှုံးဟာ အသက်အရွယ်အရ အောင်လအန်ဆန်းရဲ့ ရှေ့အလားအလာကို ဆုံးဖြတ်ပေးနိုင်တဲ့အနေအထားရှိတာမှန်ပေမယ့် ဝမ်းကစီစဉ်တဲ့ သောကြာည လုမ္ပနီပွဲတွေမှာ ရိုးရာဖိုက်တာ ထွန်းထွန်းမင်းရဲ့ညီ ထွန်းမင်းအောင်ပွဲရအောင် အောင်လအန်ဆန်းက နှစ်ကြိမ်ချိတ်ဆက်ပေးနိုင်တဲ့ အနေအထားကိုကြည့်ရင်တော့ စာချုပ်နဲ့ ပွဲကိစ္စနောက်ပိုင်း ဝမ်းနဲ့ အောင်လအန်ဆန်းကြား ဆက်ဆံရေး အဖုအထစ် မရှိဘူးဆိုတာ သတိထားမိမှာပါ။
ဒါ့အပြင် ဝမ်းချန်ပီယံရှစ်လို့ နာမည်စကြီးလာချိန်က အောင်လအန်ဆန်းနဲ့ မြန်မာပရိသတ်ထုရဲ့အားက ဝမ်းချန်ပီယံရှစ်ကို အမြင့်ဆုံးဆွဲတင်ပေးထားတာလည်း ရှိပါတယ်။ လက်ရှိမှာ ဝမ်းဟာ သောကြာည လုမ္ပနီပွဲတွေမှာ စိုးလင်းဦး၊ သွေးသစ်ဝင်းလှိုင်တို့လို ထိပ်တန်းမြန်မာဖိုက်တာတွေကို ပွဲပေးပြီး မြန်မာပရိသတ်အာရုံစိုက်အောင် လုပ်လာပေမယ့် အောင်လအန်ဆန်းနဲ့အတူ ဖော်ထုတ်ခဲ့တဲ့ မြန်မာကိုယ်ခံပညာစုံအားကစားပရိသတ် ပမာဏကိုတော့ ဘယ်လိုမှ မမီနိုင်သေးပါဘူး။
ပြီးတော့ ဝမ်းချန်ပီယံရှစ်ရဲ့ ကိုယ်ခံပညာစုံအားကစားဖိုက်တာစာရင်းမှာ မြန်မာကိုယ်စားပြုတာ အောင်လအန်ဆန်း တဦးတည်းရှိတော့သလို ဖြစ်နေပါတယ်။ ဖိုးသော်က စစ်အာဏာရှင်ဆန့်ကျင်လို့ အကျဉ်းချခံထားရသလို စိုင်းဉာဏ်လင်းကလည်း ဇာတိမြေ ကရင်နီပြည်မှာ တော်လှန်ရေးတပ်သား ဖြစ်နေပါတယ်။ အလားအလာကောင်းတဲ့ မွန်ဖိုက်တာ ပုညစိုင်းကလည်း ဝမ်းချန်ပီယံရှစ်ကို ရောက်မလာခဲ့လို့ လက်ရှိမှာ အောင်လအန်ဆန်းတဦးသာ မြန်မာဖိုက်တာအဖြစ်ရှိနေပါတယ်။ ဒါကြောင့် ဝမ်းချန်ပီယံရှစ်ဟာ မြန်မာပရိသတ်အင်အား ဆက်တည်ဆောက်နိုင််ဖို့ အောင်လအန်ဆန်းကို ပွဲဆက်ပေးပြီး အနာဂတ်ဆက်တည်ဆောက်ပါလိမ့်မယ်။
အောင်လအန်ဆန်းဟာ အခုအချိန်မှာ အသက် ၄၀ ထဲကို ဝင်ရောက်လာတဲ့ တိုက်ခိုက်ရေး အားကစားကို မွေ့လျော်သူ ဖိုက်တာတယောက်ပါ။ ပွဲထိုးသတ်ခြင်းတွေကို အလုပ်တခုကို သဘောမထားဘဲ ဝါသနာနဲ့ အသက်မွေးဝမ်းကျောင်းအလုပ် တထပ်တည်းကျအောင် ကြိုးစားနိုင်ခဲ့သူပါ။ တိုက်ခိုက်ရေးအားကစားသမားတယောက်ရဲ့ အကောင်းဆုံးအချိန်ကို ကျော်လွန်လာပြီဖြစ်ပေမယ့် အောင်လအန်ဆန်းဟာ အခုအချိန်အထိ ပရိသတ်ကိုရသပေးဖို့ စိတ်အားထက်သန်နေဆဲဖြစ်တာကြောင့် အာဒိုဂန်နဲ့ပွဲမှာ ရလဒ်ဘယ်လိုပဲထွက်ပါစေ ပရိသတ်ကျေနပ်စရာ ထိုးလုံးသတ်ပေါက်တွေနဲ့ မြန်မာ စပါးအုံးမြွေက ဖျော်ဖြေဦးမှာ သေချာပါတယ်။
Copyright © 2025 Myaelatt Athan. All rights reserved.