မြေလတ်အသံ၊ ဇန်နဝါရီ ၂၂၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ရှိ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရုံး လေကြောင်းကနေဗုံးကြဲခံရလို့ ပကဖအဖွဲ့ဝင် ၄ ဦးအပါ လူ ၇ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂၁ ရက် မနေ့ည ၁၁ နာရီကျော်မှာ မော်လူးမြို့၊ မာန်ဟဲရွာထိပ်မှာရှိတဲ့ ပကဖရုံးကို တိုက်လေယာဥ်နဲ့ ဗုံး ၂ လုံးကြဲချတိုက် ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ဗုံးကြဲခံရတာက ပေါင် ၂၅၀၊ ၃၀၀ (ဗုံး) လောက်တော့ရှိမယ် ၂ လုံးကြဲတာ။ ပကဖ သူတို့ရုံးပေါ့လေ။ ရုံးဘေးမှာရှိတဲ့ နေအိမ် ၂လုံးပျက်စီးတယ်။”လို့ မြေပြင်အခြေအနေသိရှိသူ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။


ဗုံးကြဲခံရတာကြောင့် ပကဖရုံးအတွင်းမှာရှိနေတဲ့ ပကဖအဖွဲ့ဝင် ၄ ဦး၊ နောက်ထပ်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ရုံးအနီးနေအိမ်မှာနေထိုင်တဲ့ ရွာခံအမျိုးသား ၂ ဦး စုစုပေါင်း ၇ ဦး သေဆုံးပြီး ရွာခံအမျိုးသား၊ အမျိုးသမီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကို ဇန်နဝါရီ ၂၂ ရက် ဒီကနေ့မနက်ပိုင်းမှာ ဈာပနအခမ်းအနားပြုလုပ်ကာ မီးသင်္ဂြိုဟ်ပြီးဖြစ်ကြောင်းသိရှိရပြီး သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
မော်လူးမြို့ကို PDFအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက ၂၀၂၃ ဒီဇင်ဘာ ၁၃ရက်မှာ သိမ်းပိုက်ရရှိခဲ့ပြီးတဲ့နောက် လက်ရှိကာလအထိ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်တပ်ဖွဲ့တွေက ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီ ၂ ရက်ကလည်း မော်လူးမြို့နယ်၊ ပဲခူးကျေးရွာရှိ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် G-12 ကျောင်းသူ ၁ ဦးသေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။











