လက်ပံတန်း၊ မေ ၂၈၊ ၂၀၂၅။
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ပုတိမ်စုကျေးရွာက ပျူစောထီးခေါင်းဆောင် ရာအိမ်မှူးဖြစ်သူကို မေ ၂၇ ရက်နေ့လယ် ၁ နာရီကျော်မှာ ပစ်ခတ်ရာသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၂ ကပြောပါတယ်။
အသက် ၄၂ အရွယ် ရာအိမ်မှူးထွန်းထွန်းကို ရွာသစ်ကျေးရွာအနီးရှိ အင်အား ၃၀ ခန့်ရှိတဲ့ ရဲကင်းစခန်းကနေ ပုတိမ်စုကျေးရွာကိုခြေလျင်ပြန်လာချိန်လမ်းမှာ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
“စခန်းကနေ သူ့(ထွန်းထွန်း)ရွာကို ထွက်လာတဲ့လမ်းမှာပေါ့။ သူ့ကိုပစ်ခတ်တဲ့နေရာကစခန်းနဲ့ဆို တမိုင် အကွာရှိတယ်။ ဦးခေါင်းကို ၃ ချက်ပစ်ခဲ့တယ်။ သူကစခန်းကို သွားလိုက်ပြန်လိုက်လုပ်နေတာ။ ပြည်သူကိုလည်း ခြိမ်းခြောက်လိုက်ပေါ့”လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၂ မှ တာဝန်ရှိသူတဦးကပြောပါတယ်။
သူဟာ ပြီးခဲ့တဲ့ ၂၀၂၁ ကစတင်ပြီး ပျူစောထီးခေါင်းဆောင် နဲ့ ရာအိမ်မှူးအဖြစ် တာဝန်ယူလုပ်ဆောင်နေတာဖြစ်ပြီး ပစ်ခတ်ပြီးချိန် လက်ကိုင်ဖုန်းတလုံးကို သိမ်းဆည်းရရှိခဲ့တယ်လို့ သူကဆိုပါတယ်။
အလားတူ မေ ၂၇ ရက်ကလည်း လက်ပံတန်းမြို့နယ်၊ မြေစီးကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးချစ်လင်းကို ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း