လက်ပံတန်း၊ ဒီဇင်ဘာ ၂၈၊ ၂၀၂၅။
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ဂရံစံပြကျေးရွာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD ပါတီဝင်ဟောင်း လင်မယား ၂ ဦး နေအိမ်မှာပစ်သတ်ခံရတယ်လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသခံတွေဆီက သိရပါတယ်။
ပစ်သတ်ခံရသူဟာ ဂရံစံပြကျေးရွာနေ NLD ပါတီရပ်ကျေးအဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ အသက် ၄၀ ကျော်အရွယ် ကိုရဲဝင်းအောင်နဲ့ ဇနီးဖြစ်သူ မသန္တာစိုးတို့ဖြစ်ပြီး ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ ပစ်သတ်ခံရတာလို့ ဆိုပါတယ်။
“သူတို့ရဲ့ကုန်စုံဆိုင်အိမ်မှာပဲ ရှင်းခံရတာ။ မြို့နဲ့သိပ်မဝေးဘူး။ သူတို့နေတာက ၅ မိုင်လောက်ပဲ ဝေးတယ်။ သူတို့က အရင်က NLD ရပ်ကျေးပါတီဝင်တွေ။ အရင်ကတော့ ထောက်ပို့လုပ်တာရှိတယ်လို့တော့ သိရတယ်။”လို့ဖြစ်စဥ်ကိုသိထားတဲ့ဒေသခံတဦးက ပြောပါတယ်။
စစ်ကော်မရှင်က NLD ပါတီကို မဖျက်သိမ်းခင်အချိန်ထိ သေဆုံးသူလင်မယားဟာ NLD ပါတီဝင်တွေ အဖြစ်ဆက်ရှိနေခဲ့သေးပြီး နောက်ပိုင်းမှာတော့ စစ်ကော်မရှင်တပ်နဲ့ ပက်သက်မှုရှိ၊ မရှိကိုတော့ သေချာမပြောနိုင်ဘူးလို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက ဘာကြောင့်ပစ်သတ်တယ်ဆိုတာကိုတော့ ဒီဇင်ဘာ ၂၈ ရက်အထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဒီဇင်ဘာ ၁၉ ရက်ကလည်း ညောင်လေးပင်မြို့နယ်၊ သံတံတားစံပြကျေးရွာမှာ လယ်ထဲကနေ ပြန်လာတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး နိုင်ဝင်း ဆိုသူ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
စာတည်း – လင်း












