ကျောက်ပန်းတောင်း၊ စက်တင်ဘာ ၁၁၊ ၂၀၂၆။
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်အရှေ့ဘက်က လယ်တီကျေးရွာကို အာဏာသိမ်းစစ်တပ် စစ်ကြောင်းက စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးသွားလို့ နေအိမ် ၁ ဒါဇင်ကျော်ပျက်စီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
လယ်တီရွာက နေအိမ် ၁ ဒါဇင်ကျော်အပြင် နွားစောင်းတဲ(နွားခြံ)တွေကိုပါ မီးရှို့သွားတာလို့ ဆိုပါတယ်။

“အိမ်တွေတင်မဟုတ်ဘူး နွားစောင်းတဲတွေ နွားစာစဉ်းတိုက်တွေကိုပါ မီးရှို့သွားတာပါ တော်တော်များတယ်။ နေမကောင်းလို့ ထွက်မပြေးနိုင်တဲ့သူဆီကလည်း ပိုက်ဆံတောင်းသွားတယ် ဘယ်လောက်ဆိုတာတော့ မမေးမိဘူး။ ရွာထဲမှာတွေ့တဲ့ အမျိုးသမီးတွေဆီကလည်း နားကပ်တွေကိုချွတ်ယူသွားတယ်” လို့ အဲဒီကျေးရွာနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အဲဒီစစ်ကြောင်းကို အာဏာသိမ်းစစ်တပ်ဆီမှာ လက်နက်ချသွားတဲ့ ကျောက်ပန်းတောင်းမြို့နယ် ကူရွာနဲ့ ကမ္ဘားတဲရွာက PDF တပ်ဖွဲ့ဝင်၂ ယောက်ကနေ လမ်းပြကာ မီးလိုက်ရှို့နေတာလို့ သူကဆက်ပြောပါတယ်။

“ကူရွာနဲ့ ကမ္ဘားတဲရွာက သူတို့ ၂ ယောက် (စစ်တပ်ဘက် လက်နက်ချသွားတဲ့ PDF ၂ ဦး) ဖော်ကောင်လုပ်တယ်လို့ ကြားတာပဲ” လို့ သူကဆက်ပြောပါတယ်။
ဒါ့အပြင် ကျေးရွာအတွင်း မီးငြိမ်းသတ်ဖို့ဝင်တဲ့ ကျေးရွာသားတွေကိုလည်း အာဏာသိမ်းစစ်တပ် စစ်ကြောင်းက လက်နက်ကြီးနဲ့ပစ်လို့ ရွာအပြင်ကို ပြန်ထွက်ပြေးရတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ စက်တင်ဘာလ ၁၀ ရက်နေ့ ညပိုင်းမှာတော့ လယ်တီရွာအနီးက သပြေကိုင်းရွာကိုရောက်ရှိနေတယ်လို့ မလှိုင်အခြေစိုက် လူထုသတင်းကွန်ယက်က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်ကလည်း အဲဒီစစ်ကြောင်းဟာ လယ်တီရွာအနီး ကမ္ဘားတဲရွာက ဆက်သွယ်ရေးကြိုးတွေနဲ့ နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်စီးခဲ့ပါသေးတယ်။
သတင်း – သော်တာအောင်