မြင်းခြံ၊ စက်တင်ဘာ ၄၊ ၂၀၂၅။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲရွာ အထကကျောင်းဝန်းထဲမှာတပ်စွဲနေပြီး လမ်းသွားလမ်းလာတွေဆီက ဆက်ကြေးတောင်းနေတဲ့ စစ်ကော်မရှင်အဖွဲ့ကိုတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်း တွေလည်း သိမ်းဆည်းခဲ့တယ်လို့ ရွေခြံသားပြောက်ကျားတပ်ဖွဲ့ – မြင်းခြံမြို့နယ်ဆီက သိရပါတယ်။
ကုက္ကဲရဲစခန်းအနီးရှိ အထကကျောင်းမှာတပ်စွဲထားတဲ့ အင်အား ၅၀ ကျော်ပါ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ဆက်ကြေးကောက်နေချိန် စက်တင်ဘာ ၂ ရက် မနက် ၉ နာရီခန့်ကစတင်ကာ ၁၅ မိနစ်ကြာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“သူတို့က လမ်းသွားပြည်သူတွေဆီက လုယက်တယ်၊ စားစရာတွေကိုလည်းချယူတယ်၊ ဆက်ကြေးကောက်တယ်၊ ဘယ်ကားကို ဘယ်လောက်နှုန်း အနိုင်ကျင့်ပြီးကောက်တာ၊ ကျနော်တို့ ချောင်းတာက ဩဂုတ် ၃၁ ရက်ကစပြီးတော့ mission စဖော်တာ၊ ကျနော်တို့ ၂ ညအိပ်နဲ့ ၁ ရက်စောင့်ခဲ့ရတယ်၊” လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ – မြင်းခြံမြို့နယ်တာဝန်ခံက ပြောပါတယ်။
တိုက်ခိုက်ရာမှာ ရှေ့ထွက်ပဒေသာမိုင်းတွေကိုလည်း အသုံးပြီးခဲ့ပြီး တိုက်ပွဲအတွင်း ၃ ပွင့်ဗိုလ် အောင်သောင်း အပါအဝင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးတာကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် MA 3 ၆ လက်၊ ကျည်ဘောက် ၂၀ ခု၊ MA 5 ၁ လက်၊ ၆၀ မမ ၁ လက်၊ 5.56 ကျည် ၉၀၄ တောင့်၊ 9 မမကျည် ၅ တောင့်၊ 60 မမဗုံးသီး ၃ လုံး၊အိနာဂါ၂ လုံး၊ ဓား ၅ ချောင်း၊ လက်ပစ်ဗုံး၂ လုံး၊ လေးခွ ၂ လက်၊ ဝက်အူလှည့် ၁ ချောင်း၊ ငွေသား ၁,၄၉၂,၀၀၀ ကျပ်၊ ဖုန်း ၇ လုံး၊ လက်ပတ်နာရီ ၂ လုံးနဲ့ အခြားစစ် အသုံးအဆောင်တို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မြင်းခြံမြို့နယ်တွင်းကျေးရွာတွေကို လှည့်လှည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်နဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့အင်အား ၃၀၀ ကျော်ကိုလည်း နွားထိုးကြီးမြို့နယ်၊ မာန်လည်ရွာဘုန်းကြီးကျောင်းမှာ ယာယီတပ်စွဲနေစဉ် ဩဂုတ် ၂၀ ရက် မနက် ၁၁ နာရီမှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ပြီးနောက် လက်နက်ခဲယမ်းတွေသိမ်းဆည်းခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း၊ တည်းဖြတ် – M