ပဲခူး၊ ဇွန် ၈၊ ၂၀၂၃။
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့က စတိုးဆိုင်တခု ဇွန်လ ၆ ရက် မနက် အစော ၁ နာရီခန့်မှာ ဖောက်ထွင်းခံရလို့ ငွေသားနဲ့ ရွှေထည်တွေအများအပြား ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။
လက်ပံတန်းမြို့၊ မင်းရပ် ရပ်ကွက်၊ ကုလားကုန်းရပ်၊ လမ်းမတော်လမ်းမှာရှိတဲ့ သိန်းသိန်းစတိုး ဖောက်ထွင်းခံခဲ့ရတာဖြစ်ပြီး အပေါင်ဆိုင်နဲ့ပါ တွဲဖက်ဖွင့်ထားတာကြောင့် ရွှေထည်အများအပြားပါ ဖောက်ထွင်းခံခဲ့ရတာလို့ မြို့ခံတဦးက မြေလတ်အသံကိုပြောပါတယ်။
“ဆိုင်ရှင်တွေက လက်ပံတန်းမှာ အရမ်းချမ်းသာကြတဲ့သူတွေ။ တခြားဟိုတယ်တွေလည်းပိုင်တာရှိတယ် ။ စတိုးဆိုင်က အပေါင်ဆိုင်နဲ့တွဲဖွင့်ထားတာ။ ဆိုင်ရော၊ အိမ်ရောတွဲထားတာပေါ့။ ညသန်းခေါင်ကျော် ဝင်ပြီး ဖောက်ထွင်းသွားတာ ဆိုင်ကလူတွေလည်း တယောက်မှမနိုးဘူး” လို့ ပြောပါတယ်။
စတိုးဆိုင်အတွင်းရှိ မီးခံသေတ္တာဖောက်ထွင်းခံခဲ့ရတာဖြစ်ပြီး ဖောက်ထွင်းခံရမှုကြောင့် ငွေကျပ် သိန်း ၂၀၀၀ ခန့်နဲ့ ရွှေထည်ပစ္စည်းမျိုးစုံ ၇၀၀ ကျော် ရွှေချိန် ၃ ပိဿာနီးပါး ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။
ဆိုင်တွင်း CCTV တွေကို ပြန်လည်စစ်ဆေးရာမှာ ဝင်ရောက်ဖောက်ထွင်းနေတဲ့ အမျိုးသားတဦးကို တွေ့ ရှိခဲ့ပြီး ဆိုင်ပြင်က CCTV ကင်မရာတွေကိုတော့ ဖောက်ထွင်းသူတွေက ရွှံ့နဲ့ပိတ်ကာ အိမ်အနောက်ဘက်ကနေ ဝင်ရောက်ဖောက်ထွင်းသွားလို့ သိရပါတယ်။
ဖောက်ထွင်းခံရတဲ့ စတိုးဆိုင်ဟာလည်း လက်ပံတန်းမြို့မရဲစခန်းနဲ့ ၁ မိုင်ခန့်အကွာမှာသာ တည်ရှိတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းကလည်း လက်ပံတန်းမြို့၊ ဗိုလ်အောင်ကျော်လမ်းက နေအိမ်တခုမှာ နေ့ခင်းဘက်ကြီး အိမ်ရှင်ကိုကြိုးတုပ် ဓားပြတိုက်မှုဖြစ်ပွားခဲ့ပါသေးတယ်။
စာတည်း – ရင်ငြိမ်း