အရာတော်၊ နိုဝင်ဘာ ၂၅၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာက ရွာစျေးတန်းကို ဗုံးကြဲခံရလို့ ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံးပြီး၊ ၇ ဦးဒဏ်ရာရတယ်လို့ အရာတော်မြို့နယ်ပကဖ တာဝန်ရှိသူတွေဆီက သိရပါတယ်။
နိုဝင်ဘာလ ၂၄ ရက်နေ့ (တန်ဆောင်မုန်းလပြည့်နေ) မနက် ၇ နာရီခန့်က မုံရွာ နမခ ကနေ တက်လာတဲ့ စက်တပ်လေထီးတစီးဟာ ရွာစျေးတန်းထဲကို ဗုံးတလုံးကြဲချ သွားခဲ့တာလို့ဆိုပါတယ်။
“ဗုံးက နောင်ကြီးအိုင်ရွာလယ်စျေးလို့ ခေါ်တယ်။ အဲနေရာကျတာ။ လပြည့်နေလည်းဖြစ်တော့ စျေးမှာ လူအသွား၊အလာ ရှိနေချိန်ကျတာဆိုတော့ ထိခိုက်သေဆုံးများတာ။ သေတဲ့ကလေးက နောင်ကြီးအိုင်ရွာက မဟုတ်ဘူး။ ရသေ့ရွာသား”လို့ အရာတော်မြို့နယ်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဗုံးကျမှုကြောင့် ရသေ့ရွာခံ ၄ နှစ်သမီးလေးအပါအဝင် အသက် ၁၉ နှစ်အရွယ် နောင်ကြီးအိုင်ရွာခံ အမျိုးသားနဲ့ ချောင်းဂွရွာခံ အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ရသေ့ရွာခံ သက်လတ်ပိုင်းအမျိုးသမီး ၂ ဦးနဲ့ နောင်ကြီးအိုင်ရွာခံ ၅ ဦး စုစုပေါင်း ၇ ဦးဒဏ်ရာရခဲ့ပြီး စျေးဆိုင် ၅ ဆိုင်ထက်မနည်းလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဗုံးကြဲခံရပြီးနောက်မှာတော့ ရွာသားအချို့ကကြောက်လန့်ပြီး တိမ်းရှောင်တာတွေရှိခဲ့ပေမယ့် ရွာခံအများစုကတော့ ကျေးရွာမှာဆက်နေထိုင်နေပြီး အခြေနေကို စောင့်ကြည့်နေကြပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက်နေ့ကလည်း အရာတော်မြို့နယ်၊ ညောင်ကြီးအိုင်နဲ့ထန်းတောကုန်းကျေးရွာတွေ လေကြောင်းတိုက်ခိုက်ခံရလို့ ပကဖရဲဘော်တဦးအပါအဝင် ၄ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
သတင်း – မောင်မှိုင်း