ပဲခူး၊ စက်တင်ဘာ ၂၇၊ ၂၀၂၅။
ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ၉ ရပ်ကွက်က ရေနုတ်မြောင်းထဲမှာ ဘူးခွံဆင်းကောက်သူ အမျိုးသမီး ရေနစ်သေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေဆီက သိရပါတယ်။
သေဆုံးသူက အသက် ၂၉ နှစ်အရွယ် မသင်္ကြန်မိုးဆိုသူဖြစ်ပြီး စက်တင်ဘာ ၂၆ ရက်နေ့လယ် ၁ နာရီခန့်မှာ တူမဖြစ်သူနဲ့အတူ ပလုံကောက်ထွက်ချိန် ရေအနက် ၄ ပေကျော် ရေမြောင်းထဲမှာ ရေနစ် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
“ရေကတော့ သူအရပ်နဲ့တောင်လည်ပင်းလောက်ရှိတာ။ ကလေးနေမကောင်းလို့ ဘူးခွံသွားကောက် တာ။ အလောင်းက ၁ နာရီအတွင်းတွေ့တာ။ သူ့တူမလေးနဲ့သွားတော့ သူရေနစ်နေတာကို လူကြီးတွေကို လာပြန်ခေါ်တာ။ ကလေးက လှမ်းဆွဲသေးတယ်။ မမှီတော့လို့”လို့ ကူညီပေးခဲ့သူတဦးက ပြောပါတယ်။

ရေနစ်သေဆုံးသွားသူ အမျိုးသမီးအလောင်းကိုတော့ ဒေသခံတွေက ၁ နာရီအတွင်း ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ပဲခူးဆေးရုံကိုပို့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ရေနစ်သေဆုံးသူ အမျိုးသမီးဟာ ဥဿာမြို့သစ်၊ ရပ်ကွက် ၈ နေသူဖြစ်ပြီး အမျိုးသားဖြစ်သူကလည်း ၂၀၂၄ အတွင်း ကလေးမီးဖွားပြီးချိန်မှာ စွန့်ပစ်သွားတာလို့သိရပါတယ်။
လက်ရှိနေမကောင်းဖြစ်နေတဲ့ ကလေးငယ်က အသက် ၂ နှစ်ဝန်းကျင်အရွယ် သားယောကျာ်းလေးဖြစ်ပြီး တုပ်ကွေးမိပြီးနေမကောင်းဖြစ်နေတာကြောင့်ဆေးခန်းပြဖို့ ငွေကြေးလိုအပ်နေတာလို့ ကူညီပေးခဲ့သူတဦးက ပြောပါတယ်။
ရေနစ်သေဆုံးသွားတဲ့ အမျိုးသမီးရဲ့နာရေးအတွက်နဲ့ကလေးဆေးကုသဖို့ မြို့ခံပရဟိတတွေက ကူညီဆောင်ရွက်ပေးနေပြီး စက်တင်ဘာ ၂၈ ရက်မှာ သင်္ဂြိုဟ်သွားမယ်လို့ ဆိုပါတယ်။
ဩဂုတ် ၄ ရက်ကလည်း ပဲခူးမြို့၊ သွန်းဘုရားရပ်ကွက်၊ သွန်းဘုရားလမ်းရှိ ကြခတ်ဝိုင်း စာသင်တိုက် မှ သက်တော် ၁၃ နှစ်အရွယ် ကိုရင်နန္ဒအပါအဝင် ၆ ပါးဟာ မြစ်အတွင်းရေဆင်းကူးရာမှ ကိုရင်နန္ဒဟာ ရေစီးနဲ့အတူ မျောပါသေဆုံးသွားတယ်လို့ သိရပါတယ်။
သတင်း – ကျော်ကြီး၊ စာတည်း – လင်း