တောင်ငူ၊ မေ ၂၁၊ ၂၀၂၆။
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ မွန်ကုန်းကျေးရွာအနီး တောင်ငူ – လိပ်သိုလမ်းမှာ တောင်ငူမြို့အခြေစိုက် လူမှုကူညီရေးအသင်းတခုက လူနာတင်လာတဲ့ကား မိုင်းဆွဲခံရပြီး ၁ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရတယ်လို့ မိုင်းဆွဲခံရတဲ့ပရဟိတအဖွဲ့နဲ့နီးစပ်သူဆီက သိရပါတယ်။
မေလ ၁၉ ရက်ည ၉ နာရီခန့်မှာ မွန်ကုန်းကျေးရွာက အရေးပေါ်လူနာတင်ပြီး လူနာ၊ လူနာစောင့်တွေနဲ့ ပရဟိတအသင်းဝင်တွေအပါ လူ ၆ ဦးလိုက်ပါလာတဲ့ကားဟာ တောင်ငူမြို့ပေါ်ကို ပြန်လာစဥ် လမ်းပိုင်းမှာ မိုင်းဆွဲခံရတာလို့ ဆိုပါတယ်။
“လူနာခေါ်ပြီးပြန်လာချိန်ဖြစ်တာ။ ကားထိတယ်။ လူနာစောင့် ၁ ယောက်သေတယ်။ အသင်းဝင်တွေလည်း ထိတာရှိသေးတယ်။ “လို့ မိုင်းဆွဲခံရတဲ့ လူမှုကူညီရေးအသင်းနဲ့နီးစပ်သူတဦးက ပြောပါတယ်။
မိုင်းဆွဲခံရတာကြောင့် မွန်ကုန်းရွာသား အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသား ၁ ဦးသေဆုံးပြီး အသက် ၂၀ ကနေ ၄၀ ကြား လူမှုကူညီရေးအသင်းဝင် ၂ ဦး၊ လူနာစောင့်အမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာရခဲ့ကာ လူနာကတော့ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ဘူးလို့ ဆိုပါတယ်။
“မှားဆွဲတယ်လို့ ယူဆတယ်။ အပေါ်မှာလည်းလမ်းကြောင်း (စကမ ယာဥ်တန်း) က ဆင်းလာတယ် ပြောတာပဲ။ အသိသာကြီးပါ မှားတယ်ဆိုတာကလည်း မှားသင့်တဲ့အမှားမျိုးတော့ မဟုတ်ဘူး။ လူနာတင်ကားက လူနာတင်လာရင် ပွိုင့်တော့ဖွင့်လာတယ်”လို့ အထက်ပါပရဟိတအသင်းနဲ့ နီးစပ်သူက ပြောပါတယ်။
ဒါ့အပြင် ကားလည်းပျက်စီးခဲ့ပြီး ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့တွေက လုပ်ဆောင်တယ်ဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ထိခိုက်ဒဏ်ရာရသူတွေကတော့ တောင်ငူဆေးရုံမှာ မေလ ၂၁ ရက်အထိ ဆေးကုသမှုခံယူနေကြရပြီး ဒဏ်ရာသက်သာကြတယ်လို့ သိရပါတယ်။
မေလ ၂ ရက်ကလည်း ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ အမှတ် ၆ ရပ်ကွက်ရှိ ဥယျာဥ်ခြံအတွင်းမှာ မိုင်းထိလို့ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် မျက်စိ ၁ လုံးနဲ့ခြေ ၁ ဖက်ဆုံးရှုံးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း