စလင်း၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆။
မကွေးတိုင်း၊ စလင်းမြို့နယ်၊ မြောင်းဘောင်ကျေးရွာအနီးတောစပ်မှာ မိုင်းထိပြီး လင်မယား ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။
မိုင်းထိသူတွေဟာ အသက် ၄၀ ကျော်အရွယ် ဦးသန်းရွှေနဲ့ ဇနီးဖြစ်သူ ဒေါ်အေးမိ တို့ဖြစ်ပြီး ဖေဖော်ဝါရီ ၂၆ ရက် နေ့လယ် ၁ နာရီကျော်မှာ ကျေးရွာအရှေ့ဘက် တောစပ်ကိုအသွား မိုင်းထိခဲ့တာလို့ဆိုပါတယ်။
“ကာဗာလုပ်ထားတာကို မသွားနဲ့ဆို သွားတာကိုး။ ပျားသွားဖွတ်တာ။ (PDF) ဘက်က မသွားနဲ့လို့ ကန့်သတ်ထားတဲ့နယ်မြေသွားကြတာ။ ကျနော်တို့သိထားထားက ပိတ်ထားတယ်။ အချို့ကလည်း နမော်နမဲ့နဲ့သွားလိုက်တာကိုထိတာ”လို့ ကူညီပေးခဲ့သူတဦးက ပြောပါတယ်။

မိုင်းထိလို့ ၂ ဦးစလုံးရဲ့ခြေထောက်နဲ့လက်တွေမှာ မိုင်းစမှန်ဒဏ်ရာရတဲ့အတွက် ကနဦးစလင်းဆေးရုံမှာ ၂ ဦးစလုံးဆေးကုသခဲ့ပြီး အမျိုးသားဖြစ်သူက ဒဏ်ရာပြင်းထန်တာကြောင့် ညနေပိုင်းမှာ စလင်းဆေးရုံကတဆင့် မကွေးဆေးရုံကိုလွှဲပြောင်းထားတယ်လို့ ဆိုပါတယ်။
အဆိုပါမိုင်းကို ဘယ်အဖွဲ့အစည်းဘက်က ထောင်ထားတယ်ဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်ပါဘူး။
ပြီးခဲ့တဲ့နှစ် မေ ၂၄ ရက်ကလည်း ပွင့်ဖြူမြို့နယ်၊ လက်ခုပ်ရွာအနီး ပွင့်ဖြူ-စလင်းလမ်းပေါ်မှာ ခရီးသွားကား ၁ စီးမိုင်းထိလို့ ပြည်သူ ၃ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း