မြေလတ်အသံ၊ မေ ၁၀၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မြောင်မြို့မှာ နယ်မြေကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးပြီး သေနတ် ၃ လက်ရရှိခဲ့တယ်လို့ Myaung Ranger Force ထံက သိရပါတယ်။
မြောင်မြို့မရဲစခန်းကနေ မြို့မြောက်ဘက်အထွက်ရှိ စစ်ဆေးရေးဂိတ်ထံ အင်အား ၂၀ ခန့်နဲ့ ထွက်လာတဲ့ အဆိုပါပတ်ကင်းစစ်ကောင်စီတပ်ဖွဲ့ကို မေ ၅ ရက် မနက် ၁၀နာရီခန့်မှာ BOC ဆီဆိုင်အနီးကနေ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကာ အချိန် ၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
“ သူတို့ကဂိတ်ကိုမထိုင်ခင် မြို့ထဲစခန်းကနေ ဂိတ်ကောက်နေတဲ့အချိန်လုံခြုံရေးအတွက် ကင်းလှည့်တဲ့သဘောမျိုးပေါ့။ အဲ့အချိန်နောက်က တောက်လျှောက်လိုက်ပြီး BOC ဆီဆိုင်ရှေ့အရောက်မှစပစ်ခဲ့တာ”လို့ Myaung Ranger Force တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုအတွင်း ဒုဗိုလ်အဆင့်အပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး ၆ ဦးခန့် ဒဏ်ရာရခဲ့ကာ MA 11 သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က တပ်ဖွဲ့ဝင် ၁ ဦး လက်မောင်းနဲ့လက်ဖျံမှာ ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း တိုက်ခိုက်ခံရတဲ့စစ်ကောင်စီတပ်ဖွဲ့ထံ စစ်ကူအင်အား ၃၀ ခန့်ရောက်ရှိလာပြီး အဆိုပါစစ်ကူတွေနဲ့အတူ မြောင်မြို့မရဲစခန်းအတွင်း ပြန်လည်ဝင်ရောက်သွားကာ မေ ၉ ရက် ယမန်နေ့အထိ ဂိတ်ကြေးမကောက်နိုင်တော့ဘူးလို့ သိရပါတယ်။
မြောင်မြို့အထွက်စစ်ကောင်စီစစ်ဆေးရေးဂိတ်ဟာ မြို့နယ်တွင်း နွားကား၊ ရေနံကားတွေကို ဆက်ကြေးကောက်ခံနေတဲ့ ဂိတ်ဖြစ်ကြောင်းသိရှိရပြီး တိုက်ခိုက်မှူကို Myaung Rangers Force (M.R.F)၊ စစ်ကိုင်းခရိုင်တပ်ရင်း ၁ ၊ ဗိုလ်စင်္ကြာအဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

စာတည်း – ဟိန်းစံ