မြေလတ်အသံ၊ သြဂုတ် ၁၈၊ ၂၀၂၅။
သြဂုတ် ၁၈ ရက်ဒီကနေ့ တရက်တည်းမှာ စစ်ကိုင်းတိုင်းက ဒီပဲယင်း၊ ဝက်လက်၊ ဆားလင်းကြီးစတဲ့မြို့နယ် ၃ ခုနဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့ပေါ်တို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၁၂ ဦးရှိပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဒီကနေ့နေ့လည် ၁ နာရီကျော်မှာ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာ ဘုန်းကြီး ကျောင်းကို ၁ ကြိမ်၊ မနက် ၁၀ နာရီမှာ ဝက်လက်မြို့နယ်၊ နဘဲပင်လှရွာဘုန်းကြီးကျောင်းကို ၂ ကြိမ်၊ နေ့လည် ၂ နာရီကျော်မှာ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်ရွာကို ၁ ကြိမ်နဲ့ နေ့လည် ၃ နာရီကျော်မှာ မိုးကုတ်မြို့ကို ၁ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
အဆိုပါဗုံးကြဲတိုက်ခိုက်မှုအတွင်း မိုးကုတ်မြို့ခံ အမျိုးသား ၁ ဦးနဲ့ ဝက်လက်မြို့နယ်၊ နဘဲပင်လှရွာဘုန်းကြီးကျောင်းက သံဃာ ၁ ပါး၊ ကိုရင် ၁ ပါး၊ အမျိုးသား ၁ဦး၊ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်ရွာက အမျိုးသား ၁ ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးရွာဘုန်းကြီးကျောင်းက သံဃာ ၁ ပါး၊ ကပ္ပိယ ၂ ဦးနဲ့ အပါအဝင် ၁၁ ဦး၊ မိုးကြိုးပြင်ရွာကအမျိုးသမီး ၁ ဦးတို့သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့ အနောက်ပိုင်း၊ ကျပ်ပြင်ဈေး နာရီစင်အနီးနဲ့ သီလရှင်ကျောင်းဝန်းကျင်ကို တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ဗုံး ၁ လုံးကြဲချခဲ့ရာ အသက် ၃၀ အရွယ်အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံအမျိုးသားတဦးက ဆိုပါတယ်။
“အခုထိလေယာဥ်ပျံဝဲသံတွေကြားနေရလို့ ဗုံးခိုကျင်းထဲမှာ နေနေရတယ်။ ဒီနေ့ကြဲတာမှာ ယောင်္ကျား ၁ ယောက်ထိသွားတာပါ။ ဒဏ်ရာကတော့ သိပ်မပြင်းဘူးလို့သိရတယ်။ သူကဗုံးကြဲချိန် အိမ်ကနေ လက်ဖက်ရည်ဆိုင်သွားနေတာတဲ့။ အဲ့မှာ ကပ်ပါသွားတာ”လို့ သူကဆိုပါတယ်။
မိုးကြိုးပြင်ရွာထိပ်က လူနေအိမ် ၁ လုံးပေါ်ကို စက်တပ်လေထီး ၁ စီးနဲ့ ဗုံးကြဲခဲ့ရာ အသက် ၆၀ အရွယ်ရှိ ဒေါ်သောင်းခင်ဆိုသူ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၎င်းရဲ့ သားမတ်ဖြစ်သူ အသက် ၄၀ အရွယ် ကိုမင်းသန့်ကတော့ ခြေထောက် ဗုံးစထိမှန်ဒဏ်ရာကြောင့် ခြေထောက် ဖြတ်ပစ်ရမယ့် အခြေအနေရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့သြဂုတ် ၁၇ ရက်မနေ့ကလည်း မိုးကုတ်မြို့၊ စစ်တန်းရက်ကွက်ရှိ ပတ္တမြားငမောက်တည်းခိုခန်းရှေ့ ၁ လုံး၊ အစိုးရဘဏ်ရှေ့ ၁ လုံး စုစုပေါင်းဗုံးသီး ၂ လုံးကြဲချခဲ့ရာ လမ်းသွားလမ်းလာနေတဲ့ အသက် ၁၀ နှစ်အရွယ် ကလေး(ကျား) ၁ ဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသား ၂ ဦးတို့သေဆုံးပြီး စျေးသည် အမျိုးသမီး ၁ ဦးလည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
တည်းဖြတ် – HP