မြေလတ်အသံ၊ ဖေဖော်ဝါရီ ၇၊ ၂၀၂၆။
ပဲခူးတိုင်း၊ မုန်းမြို့နယ်နဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်တွေမှာ ၅ ရက်အတွင်း စစ်ကော်မရှင်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ဒေသဖြစ်တဲ့ ခလယ်လွီထူခရိုင်၊ မုန်း (မူး) မြို့နယ်မှာ စစ်ကော်မရှင်ဘက်က ဒရုန်းနဲ့ ဗုံးကြဲတာ၊ လေယာဥ်နဲ့ ဗုံးကြဲတာနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက ဖေဖော်ဝါရီ ၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။


ဖေဖော်ဝါရီ ၂ ရက်မှာလည်း ခမရ ၄၃၉ တပ်ကနေ ခင်ကြီးကျေးရွာထဲကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၅၅ နှစ်အရွယ် ဒေါ်ထွေးရီသန်း သေဆုံးပြီး နေအိမ် ၁၇ လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၄ ရက် မနက် ၁၀ နာရီခွဲမှာ မုန်းမြို့နယ်၊ စောခီးကျေးရွာထဲကို လေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲချခဲ့တာကြောင့် အသက် ၉ နှစ်အရွယ် စောကလဲမူသော ထိမှန်သေဆုံးခဲ့ပြီး နေ့လယ် ၁၁ နာရီမှာလည်း ခမရ ၄၃၉ တပ်ကနေ ခင်ကြီးကျေးရွာထဲကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၅၈ နှစ်အရွယ် မောင်မျိုး ထိမှန်သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် အဲ့ဒီနေ့ ညနေ ၃ နာရီခွဲမှာလည်း ခလရ ၆၀ ကနေ ငထွေစုတ်ကျေးရွာထဲကို ဒရုန်းနဲ့ဗုံးကြဲတာ၊ ၁၂၀ မမ လက်နက်ကြီး ၆ လုံးနဲ့ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၄ နှစ်အရွယ် စောတာနေသား ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ရွာသစ်ကြီးရွာကိုလည်း ဖေဖော်ဝါရီ ၆ ရက်ညနေ ၅ နာရီခန့်မှာ စစ်ကော်မရှင်ရဲ့ ဂျက်ဖိုက်တာ ၁ စီးက ဗုံး ၁ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။
“နေအိမ်ဘေးလမ်းပေါ်ကျတာ။ နေအိမ်ခြံဝန်းထဲကလူတွေနဲ့ လမ်းပေါ်ရှိနေသူတွေ ထိကြတာပါ။ ရွာနားမှာလည်း တိုက်ပွဲဖြစ်တာမရှိပါဘူး။ ထိတာက ရွာခံပြည်သူတွေပါ။”လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူကပြောပါတယ်။
ဗုံးပေါက်ကွဲစထိမှန်တာကြောင့် အသက် ၃၅ နှစ်ကနေ ၅၀ နှစ်အကြားရှိ အမျိုးသမီး ၃ ဦးနဲ့အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရကာ အဲဒီအထဲက အမျိုးသမီး ၁ ဦးနဲ့အမျိုးသား ၁ ဦးက စိုးရိမ်ရအခြေနေရှိပြီး နေအိမ် ၁ လုံးလည်းပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။


၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၆ ဖေဖော်ဝါရီ ၆ ရက်အထိ စစ်ကော်မရှင်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် သေဆုံးခဲ့သူစုစုပေါင်း ၇,၇၅၆ ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP က ထုတ်ပြန်ထားပါတယ်။
စာတည်း – လင်း

