ပဲခူး၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃။
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ ညောင်လေးပင်ဘူတာမှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ခရီးသည် ၃ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီခန့်မှာက ဘူတာမှာ ခရီးသည်တွေ ရထားစောင့်နေချိန် ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ရထားစောင့်နေတဲ့ ခရီးသည်တွေရှိနေတဲ့နားကနေ ဗုံးပေါက်တာပါ။ ထောင်ထားတာလား လာချသွားတာလားတော့ သေချာမသိရဘူး။ ဗုံးပေါက်လို့ ရထားစောင့်နေတဲ့ ခရီးသည်တွေ ထိခိုက်သေဆုံးတာတွေရှိတယ်” လို့ ပြောပါတယ်။
ဗုံးပေါက်မှုကြောင့် တောင်တွင်းကြီးမြို့၊ လက်တက်ကျေးရွာမှ ကိုသက်နိုင်ထွန်း ၃၁ နှစ်၊ မလဲ့လဲ့အေး ၃၆ နှစ်၊ မနွဲ့နွဲ့ဝင်း ၄၂ နှစ် ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အောင်ထွန်းလင်း ၂၉ နှစ်၊ ဒိုက်ဦးနေသူ၊ ဦးသိန်းဇော် ၃၅ နှစ် ညောင်လေးပင်နေသူ၊ တောင်တွင်းကြီးမှ မနုဝါ ၃၂ နှစ်၊ သက်ပိုင်ကျော် ၁၇ နှစ်၊ ဒေါ်ခင်မိုးဝင်း ၄၁ နှစ်၊ ဒေါသန်းဌေး ၅၆ နှစ်၊ သူဇာလင်း ၃၅ နှစ်နဲ့ ဒေါ်ခင်အေးမြင့် ၄၉ နှစ် ပြွန်တန်ဆာနေသူ၊ ပြည့်ဖူးခိုင် ၁၆ နှစ် ညောင်လေးပင်နေသူတို့မှာ ဒဏ်ရာတွေ ရရှိသွားတယ်လို့ သိရပါတယ်။
သေဆုံးထိခိုက်ဒဏ်ရာရသူတွေကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက ညောင်လေးပင်ဆေးရုံကို ခေါ်ဆောင်သွားပြီး ဆေးကုသမှုခံယူနေကြတယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတိုင်းမှူးဆင်းလာပြီး စစ်ကောင်စီအဖွဲ့တွေနဲ့ စစ်ဆေးတာတွေလုပ်သွားတယ်လို့ ဆိုပါတယ်။
အဲဒီဗုံးခွဲတိုက်ခိုက်တာကိုတော့ ဘယ်အဖွဲ့က ဘာကြောင့်လုပ်တယ်ဆိုတာ မြေလတ်အသံက စုံစမ်းနေဆဲ ဖြစ်ပါတယ်။