ကျောက်တံခါး၊ ဇန်နဝါရီ ၁၅၊ ၂၀၂၆။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဘုရားကုန်းကျေးရွာမှာ လက်နက်ကြီးဗုံးစထိမှန်လို့ သက်ကြီးပိုင်း အဘိုးအဘွား ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇန်နဝါရီ ၁၄ ရက် ယမန်နေ့မနက် ၇ နာရီခန့်မှာ ရွှေဝါကျေးရွာအခြေစိုက် စစ်ကော်မရှင်တပ် ခမရ ၃၀၇ ကနေ လက်နက်ကြီးတွေနဲ့ ကြိမ်ခါးကုန်းကျေးရွာအုပ်စုအတွင်း ကျေးရွာတွေဘက်ကို ဦးတည်ပစ်ခတ်ခဲ့ရာ ၂ မိုင်ခွဲခန့်အကွာရှိ ဘုရားကုန်းကျေးရွာ နေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
” ၃၀၇ ဘက်က လက်နက်ကြီးလှမ်းပစ်တာ။ အချက်ရေကတော့ ၃/၄လုံးလောက် ရှိတယ်။ အဲ့ဒီရွာမှာ အိမ်ပေါ်ကျတာ။ သူတို့က အိမ်ထဲမှာရှိနေကြတာ” လို့ ကျောက်တံခါးဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဘုရားကုန်းကျေးရွာနေ အသက် ၇၈ နှစ် ဦးသောင်းမြင့်၊ ဇနီးဖြစ်သူ အသက် ၇၀ နှစ် ဒေါ်သန်းအေးတို့မှာ နေရာမှာပဲပွဲချင်းပြီးသေဆုံးခဲ့ကာ မြေးဖြစ်သူ အသက် ၁၆ နှစ်ရှိ မောင်နေဆန်းမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၂ ရက်မှာ ကြိမ်ခါးကုန်းကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေနဲ့ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေကြောင့် ကြိမ်ခါးကုန်းနဲ့အနီးတဝိုက်ကျေးရွာတွေဖြစ်တဲ့ ဘုရားကုန်း၊ ကြိမ်ခါးကုန်း၊ ကျောင်းဆိုး စတဲ့ရွာခံအများစုဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြပေမယ့် သေဆုံးသူတွေဟာ ထွက်မပြေးနိုင်တာကြောင့် ကျေးရွာမှာ ဆက်လက်နေထိုင်နေတဲ့ သက် ကြီးပိုင်းတွေဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲတွင်းအထိနာခဲ့တာကြောင့် ကျောက်တံခါးအခြေစိုက် ခမရ ၃၀၇ စစ်ကော်မရှင်တပ်က ယမန်နေ့ ဇန်နဝါရီ ၁၄ ရက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ရာနေရာတွေကို လက်နက်ကြီးတွေနဲ့ ဦးတည်ပစ်ခတ်ခဲ့တာလို့လည်း သိရပါတယ်။
ဇန်နဝါရီ ၁၂ ရက် ကြိမ်ခါးကုန်းရွာအနီးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်စစ်ကြောင်းမှူး ဗိုလ်မှူးအပါ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံးခဲ့ပြီး သေနတ် ၁၈ လက်နဲ့ ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။