တောင်သာ၊ နိုဝင်ဘာ ၄၊ ၂၀၂၆။
မန္တလေးတိုင်း၊ တောင်သာမြို့၊ အမှတ် ၅ ရပ်ကွက်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ မြို့တော်ခန်းမအနီးက ဘီယာဆိုင်မှာ ထိုင်နေတဲ့ ပျူစောထီးခေါင်းဆောင်နဲ့ ဇနီးဖြစ်သူတို့ကို PDF အဖွဲ့တွေက ဝင်ရောက်ပစ်ခတ်လို့ သေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့ညနေ ၅ နာရီခန့်က တောင်သာမြို့နယ် ပြည်သူစစ်အဖွဲ့ခေါင်းဆောင် အသက် ၄၀ ကျော်အရွယ် ပြည့်ဖြိုးမောင်နဲ့ ဇနီးဖြစ်သူ မရွှေယမင်းဦးတို့ဟာ ဆိုင်အတွင်း ရှိနေစဥ် PDF အဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“သူတို့လင်မယားက မြိုပေါ်မှာ တော်တော်လေး ထောင်ထောင်ဖြစ်နေလို ဒီဘက်က အဖွဲ့တွေ သွားရှင်းလိုက်တာလို့တော့ သိရတယ်။ လင်မယားနှစ်ယောက်လုံး ဆိုင်ထဲမှာတင်သေတယ်။”လို့ ဒေသခံတဦးကပြောပါတယ်။
အဆိုပါပစ်ခတ်မှုကြောင့် ပျူစောထီးခေါင်းဆောင်လင်မယားမှာ နဖူး၊ လည်ကုတ်၊ မျက်လုံး၊ ရင်ဘတ်နဲ့ ကျောတွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ နေရာမှာတင်သေဆုံးခဲ့သလို ဆိုင်ရှင်ဒေါ်ခိုင်ခိုင်အောင်မှာလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် ရဲနဲ့စစ်တပ်အဖွဲ့ဝင်တွေ လာရောက်စစ်ဆေးပြီး အလောင်းတွေကို တောင်သာမြို့နယ် ပြည်သူ့ဆေးရုံကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
ပစ်ခတ်မှုပြုလုပ်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တွေကိုတော့ စစ်တပ်ဘက်က ဖမ်းဆီးရမိတာမရှိပဲ လွတ်မြောက်သွားတယ်လို့ သိရပါတယ်။
အဆိုပါပစ်ခတ်မှုကို တောင်သာ TTA အဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာလို့ စုံစမ်းသိရှိရပြီး မြေလတ်အသံက အဖွဲ့ထံ ဆက်သွယ်မေးမြန်းရာမှာတော့ လတ်တလောဖြေကြားနိုင်တာမရှိသေးဘူးလို့ တပ်ဖွဲ့တာဝန်ရှိသူတွေက ဆိုပါတယ်။
အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း မန္တလေးတိုင်း၊ မလှိုင်မြို့၊ အမှတ် ၃ ရပ်ကွက်ရှိ “မျိုးအောင်” စက်ဘီးရောင်း/ဝယ် ရေးဆိုင် ဗုံးပစ်ခံရပြီး ၁ ဦးသေ ၁ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
သတင်း – မောင်မှိုင်း